(င)-ကျောင်းကျန်းမာရေးကဏ္ဍ ပိုမိုထိရောက်စေရန်နှင့် ကျောင်းကျန်းမာရေးကဏ္ဍမှ နိုင်ငံတော်၏ Health Information တစ်ခုအဖြစ် အသုံးပြုရန် ကျောင်းသားတိုင်းအတွက် ကျန်းမာရေးမှတ်တမ်း (Health Record)ထားရှိပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

နိုင်ငံတစ်ဝှမ်းလုံးတွင်ရှိသော အခြေခံကျောင်းများ၊ အထူးသဖြင့် မူလတန်းကျောင်းများတွင် နှစ်စဉ် ကျောင်းကျန်းမာရေးကို အမြဲတမ်း ပြုလုပ်ကြပါကြောင်း၊ ယင်းသို့ ပြုလုပ်ရာတွင် ကျောင်းကျန်းမာရေး ဌာနရှိသည့် မြို့များအနေဖြင့် ကျောင်းကျန်းမာရေးအဖွဲ့ခေါင်းဆောင်ဆရာဝန်ခေါင်းဆောင်သည့် အဖွဲ့က ဖြစ်စေ၊ ကျောင်းကျန်းမာရေးဌာနမရှိသည့် မြို့များတွင် သားဖွားဆရာဝန်ထမ်းခေါင်းဆောင်သည့် အဖွဲ့များ က ဖြစ်စေ နှစ်စဉ်ပြုလုပ်ကြပါကြောင်း၊ ယခုအချိန်တွင် ကျောင်းသားငယ်များကို မျက်စိ၊ နား၊ သွား ကျန်းမာရေးအပြင် လည်ပင်းတွင် တီဘီကျိတ် ရှိ/မရှိ၊ အိုင်အိုဒင်းချို့တဲ့သည့် လည်ပင်းကြီးအကျိတ် ရှိ/မရှိ၊ လည်ပင်းကြီးရောဂါ ရှိ/မရှိ၊ အာဟာရချို့တဲ့ခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းခြင်း စသည့်အချက်များကိုသာ စစ်ဆေးပြီး အစီရင်ခံစာကို ကျန်းမာရေးဦးစီးဌာနအဆင့်ဆင့်သို့ တင်ပြနေကြခြင်းဖြစ်ပါကြောင်း၊ ကျောင်း ကျန်းမာရေးလုပ်စဉ်တွင် လိုအပ်လာပါက ကျောင်းသားများကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းများကို ညွှန်းပို့ခဲ့ ကြပါကြောင်း၊ နောက်နှစ်ကျောင်းကျန်းမာရေးဝင်ရောက်သည့်အခါ အဆိုပါကျောင်းသားများ၏ ကျန်းမာ ရေးကို ပြန်လည်စစ်ဆေးခြင်း၊ မှတ်တမ်းယူခြင်းများ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ကျောင်းကျန်းမာရေး စစ်ဆေးစဉ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ခွင့်ပြုသည့် သန်ချဆေး၊  သွေးအားတိုးဆေးများကိုသာ အသုံးပြု စစ်ဆေးခြင်း ဖြစ်ပါကြောင်း၊

ကျောင်းကျန်းမာရေးစစ်ဆေးစဉ်တွင် ပိုမိုထိရောက်ရန်အတွက် Grade(1) ကျောင်းအပ်စဉ် သို့မဟုတ် မူလတန်းကျောင်း ကျောင်းကျန်းမာရေးဝင်စဉ်တွင် ကလေးတိုင်းအတွက် ကျောင်းကျန်းမာရေး Record ကို ထားရှိပြီး အဆိုပါ Record အား ကလေးကျောင်းပြောင်းသည့်အချိန်၊ အတန်းပြောင်းတိုင်းသည့် အချိန် အတိုင်း တစ်ပါတည်းထည့်သွင်းပေးနိုင်မည်ဆိုပါက ကျောင်းသား၊ မိဘနှင့် ဆရာများအတွက် အထူး သင့်လျော်ကောင်းမွန်လှပါကြောင်း၊  ကျောင်းကျန်းမာရေးမှတ်တမ်းတွင် ကိုယ်ရေးအချက်အလက်များ၊ အရပ်အတိုင်းအတာ၊ အလေးချိန်၊ ကာကွယ်ဆေးထိုးနှံမည့်မှတ်တမ်း၊  မွေးရာပါရောဂါမှတ်တမ်းများ၊ ပုံမှန်ဆေးကုသနေရသည့် ရောဂါနှင့် ဆေးဝါးမှတ်တမ်းများ၊ ခွဲစိပ်ကုသမှုမှတ်တမ်းများ ထည့်သွင်းထားမည် ဆိုပါက အလွန် အကျိုးကျေးဇူးရှိမည် ဖြစ်ပါကြောင်း၊

Health Record ကိုကြည့်၍ ဆရာနှင့်ကျောင်းသားပါ ဆောင်သင့်/ ရှောင်သင့်သည့်အချက်များကို သိရှိမည်ဖြစ်သည့်အပြင် ကျောင်းကျန်းမာရေး ပြုလုပ်ပါကလည်း Health Record   ကို ဖြည့်သွင်း သွားမည်ဆိုပါက ကျောင်းကျန်းမာရေးကဏ္ဍတွင် တိုးတက်လာမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် မြန်မာနိုင်ငံ၏ အရေးပါလှသည့်ကျောင်းသားလူငယ်ကလေးများ၏  ကျောင်းကျန်းမာရေး မှတ်တမ်းကို ထားရှိခြင်းအားဖြင့် ကျောင်းကျန်းမာရေးကဏ္ဍစစ်ဆေးခြင်းကို ပိုမိုတိုးတက်လာမည့်အပြင် ကျောင်းသားအရွယ်အလိုက် နိုင်ငံတော်၏ Health Information တစ်ခုအဖြစ်ပါ အသုံးပြုနိုင်ပါသဖြင့် ကျောင်းသားတိုင်းအတွက် ကျန်းမာရေးမှတ်တမ်း (Health Record)ထားရှိပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။