(ဆ)-ဆိပ်ဖြူမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနခွဲ (၅) ခု ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

၃၁-၃-၂၀၁၇ ရက်နေ့တွင် နေပြည်တော်ရှိ MICC-II ၌ ကျင်းပပြုလုပ်သော အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၁၈ ခုနှစ်) စတင်ဆောင်ရွက်မှု အသိပေးခြင်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ အာရောဂျံပရမံလာဘံ ကျန်းမာခြင်းသည် အကောင်းဆုံးလာဘ်လာဘ ဖြစ်ကြောင်းနှင့် ပြည်သူပြည်သားများ၏ ကျန်းမာရေးသည် မိမိတို့နိုင်ငံ၏ အဖိုးမဖြတ်နိုင်သည့် သယံဇာတဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၅-၁၂-၂၀၁၆ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ဆိပ်ဖြူ၊ အနောက်ကမ်းဖြူကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲမှ ကျေးလက်ကျန်းမာရေးဌာနသို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် တောင်းခံခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးမှ တိုးမြှင့်ပေးရန် ခွင့်ပြုခဲ့ပါကြောင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း တိုက်နယ်ဆေးရုံတစ်ခုနှင့် အနောက်ကမ်းဖြူအပါအဝင် စုစုပေါင်း RHC ခြောက်ခု ရှိနေပြီဖြစ်ပါကြောင်း၊ ၎င်းတို့အထဲတွင် အင်းကန် RHC သည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဆုံး၊ ကျေးလက်ကျန်းမာရေး ဌာနတစ်ခုဖြစ်ပါကြောင်း၊ Main Sub-Centre နှင့် Sub-Centre ငါးခု စုစုပေါင်း ခြောက်ခုဖြင့် ဖွဲ့စည်းထားပါပြီး ၎င်း RHC နှင့် Sub-Centre များ ဆက်သွယ်ရာတွင် ၂၀ မိုင်၊ ၃၀ မိုင် ဝန်းကျင်သွားရောက်၍ လုပ်ငန်းညှိနှိုင်းဆောင်ရွက် နေကြရသဖြင့် တစ်ရွာနှင့်တစ်ရွာ ဝေးကွာလွန်းသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသည့်အတွက် ၂၀၁၂-၁၃ ခုနှစ် စစ်တမ်းကောက်ယူမှုတွင် ငါးနှစ်အောက်ကလေး သေဆုံးမှုအများဆုံး Sub-Centre တစ်ခုဖြစ်ခဲ့ပါကြောင်း၊ တာဝန်ကျဝန်ထမ်းများ တစ်ရွာနှင့်တစ်ရွာ ဝေးကွာလွန်းသည့်အတွက် မကြာခဏ ပြောင်းရွှေ့နေကြပြီး မီးဖွားဆရာမများလည်း မကြာခဏလစ်လပ်နေသော Sub-Centre ဖြစ်နေပါကြောင်း၊ ၎င်း အင်းကန် RHC တွင်လည်း လူဦးရေ ၂၅၀၀၀ ရှိပါကြောင်း၊ ထို့ကြောင့် အင်းကန် RHC တွင် အနောက်ကမ်းဖြူ Sub-Centre ရရှိထားသည့်အတွက် အထက်ဖော်ပြပါ အခက်အခဲများ လျော့နည်းသွားစေရန် SC များ၊ Sub-Centre များချထားပေးမည်ဆိုလျှင် ငါးနှစ်အောက်ကလေးများ ဆေးရုံမှသေဆုံးမှုလျော့နည်း သွားမည်ဖြစ်ပြီး တာဝန်ကျဆရာ/မ များကလည်း သွားလာရလွယ်ကူသွားမည် ဖြစ်သည့်အတွက် ခဏခဏလစ်လပ်မှုများ နည်းပါးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါဆိပ်ဖြူမြို့နယ်အတွက် လိုအပ်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန်အတွက် ဇယားပါလိုအပ်လျက်ရှိသော ကျန်းမာရေးဌာနခွဲ ငါးခုအား ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ၊ ပေးနိုင်ပါက မည်သည်‌့အချိန်တွင် ပေးနိုင်မည် ဖြစ်ကြောင်းနှင့် မပေးနိုင်ပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။