(က)-ဆေးတက္ကသိုလ်(၂)၏ သင်ကြားရေးဆေးရုံကြီးဖြစ်သည့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးကို ခုတင်(၈၀၀)ဆံ့ သို့မဟုတ် ခုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးအဖြစ်သို့ အဆင့်မြှင့်တင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးကို ၂၁.၅.၁၉၉၄ ရက်နေ့တွင် ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၈.၁.၂၀၁၅ ရက်နေ့တွင် ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ခဲ့ပါကြောင်း၊ ထိုဆေးရုံကြီးသို့ သင်္ဃန်းကျွန်းမြို့နယ်အပြင် ရန်ကုန်အရှေ့ပိုင်း ခရိုင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ ရပ်ဝေးလူနာများလည်း လာရောက်ကုသကြပြီး လူဦးရေနှစ်သန်းခန့် အားကိုးအားထား ပြုနေရသော ဆေးရုံကြီးဖြစ်ပါကြောင်း၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးတွင် ဖွဲ့စည်းပုံအရ အထူးကုဌာန ၂၁ ခု ရှိပါကြောင်း၊ ဖွဲ့စည်းပုံများ မပါရှိသော်လည်း ဆေးတက္ကသိုလ် (၂) တွင် ဆီးနှင့်ကျောက်ကပ် ခွဲစိပ်ကုဌာန၊ အစာအိမ်နှင့်အူလမ်းကြောင်း ဆေးကုသဌာန၊ ရင်ခေါင်းဆေးကုဌာနများကိုလည်း တိုးချဲ့ဖွင့်လှစ်၍ ကုသပေးလျက်ရှိပါကြောင်း၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသည် ၂၀၁၇ ခုနှစ် စာရင်းများအရ ဆေးရုံခုတင် အသုံးပြုမှုရာခိုင်နှုန်း ၁၅၅ ရှိပြီး တစ်နှစ်အတွင်း ခုတင်တစ်လုံးအပေါ်တွင် ကုသပေးခဲ့သည့် အတွင်းလူနာ ၉၄ ဦး ရှိပါသဖြင့် သတ်မှတ်စံချိန်စံညွှန်းထက် နှစ်ဆခန့် ပိုမိုများပြား နေပါကြောင်း၊
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဆေးရုံတစ်ရုံသည် ငါးနှစ်တာကာလအတွင်း ခွင့်ပြုခုတင်၏ ပျမ်းမျှ ၁၅၀ ရာခိုင်းနှုန်း အသုံးချခြင်းရှိပါက အဆင့်မြှင့်တင် ပေးနိုင်ကြောင်း ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့ပါကြောင်း၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးသည် ပျမ်းမျှ ၁၆၅ ရာခိုင်နှုန်း ရှိသောကြောင့် သတ်မှတ်ချက် ၁၅၀ ရာခိုင်နှုန်းထက် ကျော်လွန်နေပါကြောင်း၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးကို အဆင့်မြှင့်တင် ပေးမည်ဆိုလျှင် လက်ရှိအဆောက်အဦများအနေဖြင့် အသင့်အတင့် လုံလောက်မှုရှိပြီး အဆောက်အဦသစ် ထပ်မံဆောက်လုပ်မည်ဆိုလျှင်လည်း လိုအပ်သော မြေနေရာအကျယ်အဝန်း အလုံအလောက်ရှိပါကြောင်း၊
နိုင်ငံတကာစံနှုန်းတွင် ခုတင်အသုံးပြုမှု ၈၀ ရာခိုင်နှုန်း၊ ခုတင်တစ်လုံးတွင် ၄၀ ဦးဖြစ်ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ၁၅၅ ရာခိုင်နှုန်း၊ ခုတင်တစ်လုံးတွင် ၉၄ ဦး ဖြစ်ပါကြောင်း၊ ငါးနှစ်တာကာလအတွင်း ရာခိုင်နှုန်း ၁၅၀ အသုံးပြုလျှင် သင်္ဃန်းကျွန်းစံပြဆေးရုံသည် ၁၆၅ ရာခိုင်နှုန်း အသုံးချခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆေးတက္ကသိုလ် (၂) ၏ သင်ကြားရေးဆေးရုံကြီးဖြစ်သော သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးကို ခုတင် ၈၀၀ ဆံ့ သို့မဟုတ် ခုတင် ၁၀၀၀ ဆံ့ဆေးရုံကြီးအဖြစ်သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။