(င)-မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုးရန် ယာဉ်စစ်ဆေးရေးဌာနများကို ပုဂ္ဂလိကပြုလုပ်၍ သတ်မှတ်ချက်နှင့်ညီသော ကားပြင်ဝန်ဆောင်မှုများကို စည်းကမ်းများအတိုင်း ဆောင်ရွက်စေသည့်စနစ် အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 မော်တော်ယာဉ်လိုင်စင်သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကညနတွင် ဆောင်ရွက်ရပြီး အဆင့်ဆင့်သော စစ်ဆေးရေးများ ဆောင်ရွက်ရာတွင်လည်း ကညနတွင်သာ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အစိုးရကနေမှ Process ကြီး တစ်ခုလုံးကို တာဝန်ယူရာတွင် ပြဿနာ ငါးခု အဓိက တွေ့ရှိရပါကြောင်း၊

(၁) နေရပ်ဝေးနေသည့်သူများအတွက် ကားများကို မော်တော်ယာဉ်သက်တမ်းတိုးသည့် နေရာရောက်အောင် မောင်းလာရသည့် အခက်အခဲ၊ (၂) စောင့်ဆိုင်းရအချိန် ကြာမြင့်မှု၊ (၃) မလိုလားအပ်သည့် ပွဲစားများ အလုပ်ဖြစ်လာ ခြင်း၊ ပွဲစားများပေါလာခြင်း၊ (၄) လာဘ်ပေးလာဘ်ယူမှုတွေ၊ မလိုလားအပ်သည့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ် နိုင်သည့်အခြေအနေ၊ (၅) မော်တော်ယာဉ်စက်ပြင်ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာပြီဖြစ်သည့်အတွက် မော်တော်ယာဉ်စစ်ဆေးရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန်  အချိန်အခါသင့်နေပြီဖြစ်ခြင်းကြောင့် အစိုးရက သတ်မှတ်ချက်များ ထုတ်ပြန်၍  သတ်မှတ်ချက်နှင့်ညီသော လျှောက်ထားသည့်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေး လိုက်မည်ဆိုပါက အစိုးရကအနေဖြင့် ဝန်ထုပ် ဝန်ပိုးတစ်ခု လျော့နည်းသွားမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် မော်တော်ယာဉ် စစ်ဆေးရေးလုပ်ငန်းများကို  လုပ်ငန်းကို ပုဂ္ဂလိကပိုင်ပြုလုပ် ပေးနိုင် ခြင်းရှိ/မရှိ စည်းကမ်းချက်တွေသတ်မှတ်ပြီး အပြင်က ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက် ခွင့်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။