(က)-ကိုယ်ဝန်ဆောင်မိခင်များနှင်‌့ အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးအထောက်အပံ့ပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၌ မည်သည်‌့အချိန်ကာလတွင် စတင်ဆောင်ရွက်ပေးမည်နှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-27

 

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်သည်‌့ ကိုယ်ဝန်ဆောင်မိခင်များနှင်‌့ ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးအထောက်အပံ့ပေးခြင်းကို ဧရာဝတီတိုင်း ဒေသကြီး၌ မည်သည်‌့အချိန်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါသူထက်ဝက်ကျော်သည် ကလေးသူငယ်များဖြစ်ပါကြောင်း၊ အသက် ငါးနှစ်အောက် ကလေးအယောက် ၁၀၀ မှ ၁၅၀ ကြား နေ့စဉ်သေဆုံးလျက်ရှိသည့်အပြင် အသက်တစ်နှစ် အောက် ကလေး ငယ် ၁၀ ယောက်တွင် ခြောက်ယောက်သာ ကာကွယ်ဆေးများကို အပြည့်အဝ အချိန်နှင့် တစ်ပြေးညီ ရရှိနိုင်ပါ ကြောင်းနှင့် ကလေးသုံးယောက်တွင် တစ်ယောက်သည် အာဟာရမပြည့်ဝမှုကြောင်‌့ ပုညှက်နေပါကြောင်း၊  ကျန်းမာရေး၊ ပညာရေးနှင်‌့ လူမှုဖွံ့ဖြိုးရေးကဏ္ဍများအတွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲ ချထားမှုများသည် အာဆီယံ နိုင်ငံများနှင်‌့ နှိုင်းယှဉ်ပါက အနိမ်‌့ဆုံးဖြစ်နေခြင်း၊ အာရှနိုင်ငံများအကြားတွင် အနိမ့်ဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေခြင်းများကို UNICEF က ထုတ်ပြန်သည့် သတင်းများအရ သိရှိရပါကြောင်း၊

မိခင်ဗိုက်ထဲ ပဋိသန္ဓေတည်ချိန်မှစ၍ မွေးဖွားပြီး နှစ်နှစ်သားအထိ ဘဝအစပထမရက် ၁၀၀၀ တွင် အာဟာရဓာတ်ဖြည်‌့တင်းပေးခြင်းသည် လူသားတစ်ယောက်အဖြစ် ကျန်းမာစွာ ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန် အတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး  အနာဂတ်တိုင်းပြည်တည်ဆောက်နိုင်ရန် အာမခံချက်များ ရရှိမည်ဖြစ် ပါကြောင်း၊  ထိုသို့ အခြေအနေကောင်းများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင်‌့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင်‌့ရ ဒေသများမှ ကိုယ်ဝန်ဆောင်မိခင်များနှင်‌့ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ရေးအစီအစဉ်နှင်‌့ တစ်နိုင်ငံလုံးတွင် အသက် ၉၀ ပြည်‌့နှစ် အဖိုး၊ အဖွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်များကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊

၂၀၁၈ ခုနှစ်၊ ခြောက်လ အမျိုးသားစီမံကိန်းတွင် ဝန်ကြီးဌာနများ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင်‌့ ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများစာအုပ်တွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် မူဝါဒသုံးရပ်၊ ရည်မှန်းချက် ၁၇ ချက်၊ လုပ်ငန်းစဉ် ၂၅ ချက်ပါပြီး အမှတ်စဉ်(ည)တွင် ကိုယ်ဝန်ဆောင်မိခင်များနှင်‌့ ၎င်းတို့မှမွေးဖွားလာသော ကလေးများအတွက် ငွေကြေး ထောက်ပံ့ကြေးနှင်‌့ ဘိုးဘွားများအတွက် အသက် ၈၅ နှစ်မှစ၍ လူမှုရေးပင်စင်ပေးခြင်းကို ဧရာဝတီတိုင်း ဒေသကြီး ပါဝင်သည်ဟု ထည်‌့သွင်းဖော်ပြထားပါကြောင်း၊ ထို့အပြင် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ဦးစားပေး ဆောင်ရွက်ရန် လုပ်ငန်းများခေါင်းစဉ်အောက်က အချက် ၁၈ ချက် အမှတ်စဉ် (ဋ) တွင် ဧရာဝတီတိုင်းဒေသကြီး ပါဝင်သော်လည်း အမှန်တကယ်ရန်ပုံငွေချထားပေးသည့်အခါ ပါဝင်ခြင်းမရှိပါကြောင်း၊

၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်းဒေသကြီးသည် လူဦးရေ ၆၁၈၄၈၂၉ ဦးဖြင့် နိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးနှင့် အမျိုးသားထက် အမျိုးသမီးဦးရေ ပိုမိုများပြားသည့် တိုင်းဒေသကြီး၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် နိုင်ငံ၏ မျှော်မှန်းအသက် ၆၆.၈၂ သတ်မှတ်ထားသော်လည်း ပျမ်းမျှ ၆၁ နှစ်ဖြင့် သေဆုံးနေပြီး အရှင်မွေးလူ ၁၀၀၀ တွင် တစ်နှစ်အောက်ကလေးသေဆုံးနှုန်း ပျမ်းမျှ ၆၂ ဦးရှိဖြစ်ရမည်ဖြစ်သော်လည်း ၈၇ ဦးထိ သေဆံးလျက်ရှိသော တိုင်းဒေသကြီး၊ အရှင်မွေးလူ ၁၀၀၀ တွင် ငါးနှစ်ကလေးသေနှုန်း ပျမ်းမျှ ၇၂ ဦးရှိရမည်ဖြစ်ပါသော်လည်း ၁၀၅ ဦးအထိ သေဆုံးနေသော တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ လူဦးရေပိရမစ်ပုံတွင် မွေးနှုန်းများကျဆင်းနေသည်ဟု ဖော်ပြထား ပါကြောင်း၊ ထို့ကြောင့် အစီအစဉ်အတိုင်း ဆောင်ရွက်လိုက်မည်ဆိုပါက မွေးဖွားနှုန်းများလည်း တက်လာပြီး ကျန်းမာသန်စွမ်းသောကလေးများ ဖြစ်ထွန်းပေါ်ပေါက်လာနိုင်ပါကြောင်း၊ အထက်တွင်ဖော်ပြခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၏ ဆိုးဝါးသည့်ကိန်းဂဏန်းများကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ ၎င်း အစီအစဉ်ကို မိဘများကလည်း မျှော်လင့်တစ်ကြီးစောင့်စားနေကြသည့်အတွက် လူမှုကာကွယ် စောင့်ရှောက် ရေး လုပ်ငန်းစဉ်တွင်ပါဝင်သည်‌့ ကိုယ်ဝန်ဆောင်မိခင်များနှင်‌့ ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးများအား ငွေကြေးအထောက်အပံ့ပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၌ မည်သည်‌့ အချိန်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။