(ဂ)-နိုင်ငံတော်သမ္မတရုံး၏အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် ငွေကျပ်သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

နိုင်ငံတော်သမ္မတရုံး၏အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် ငွေကျပ်သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲခြင်းသည် မည်သူများက မည်သည့်ဥပဒေအရ မည်သည့်အတိုင်းအတာအထိ မည်သို့ သော အကြောင်းအရာများစောင့်ကြည့်၍ မည်သို့အပြစ်ပေးအရေးယူမည်ဖြစ်ပြီး ဤလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့် ညီညွတ်မှုရှိ/မရှိနှင့် နိုင်ငံတော်သမ္မတရုံး၏ အထူးရန်ပုံငွေသုံးစွဲမှု မူဝါဒနှင့်ကိုက်ညီခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော်သမ္မတရုံး၏အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် ငွေကျပ်သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၏ ပုဒ်မ ၃၅၃ တွင် မည်သူမျှ တည်ဆဲဥပဒေများနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ၊ နစ်နာဆုံးရှုံးမှုမရှိစေရဟု ဆိုထားသည့်အတွက် ၎င်းအချက်နှင့်ငြိ/မငြိ၊ ဆက်သွယ်ရေးပုဒ်မ ၆၆ ပုဒ်မခွဲ (ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းဟု ပါရှိပါသဖြင့် ယင်းဥပဒေမှ မတရားတားဆီး ကန့်ကွက်ခြင်းနှင့် မလျော်သြဇာ သုံးခြင်းတို့နှင့် သက်ဆိုင်မှုရှိ/မရှိ၊ သမ္မတ၏အရေးပေါ် ရန်ပုံငွေ ဆိုသည်မှာ  ရုတ်တရက် ပေါ်ပေါက်လာသော သဘာဝဘေးအန္တရာယ်များ ဖြစ်ကြသည့် ရေကြီး ခြင်း၊ မြေပြိုခြင်း၊ မီးလောင်ခြင်း၊ ငလျင်ဒဏ်ခံရခြင်းစသည့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာရသည့် အရေးပေါ်အခြေအနေတွင် သုံးစွဲရန်ဟု နားလည်ထားသည့်အတွက်  ယခုဆက်သွယ်ရေး ပစ္စည်းဝယ်ယူမှုသည် အရေးပေါ်သုံးစွဲခြင်း ဟုတ်/မဟုတ်စိစစ်ပေးရန်၊ အဆိုပါပစ္စည်းကို အစိုးရမှသုံးစွဲခြင်း၊ အစိုးရမဟုတ်သည့် အဖွဲ့ကသုံးစွဲခြင်း သို့မဟုတ် Facebook ကို ပေးသုံးခြင်း မျိုးလားဆိုသည်နှင့်ပတ်သက်ပြီး လက်ရှိအခြေအနေတွင် မိမိတို့ နားလည်ထားသည်မှာ Fake Speech ဟန့်တားခြင်းဟု နားလည်ထားပါကြောင်း၊ ပြည်သူများထံမှ ၈၀ ရာခိုင်နှုန်း ကိုးကွယ်နေသည့် မြန်မာနိုင်ငံတွင် ကိုယ့်နိုင်ငံဘတ်ဂျက်သုံးပြီး အများဆုံးကိုးကွယ်သည့် မိမိဘာသာတရားကို ကာကွယ်မပေးနိုင်ခြင်းမှာ ဝမ်းနည်းစရာ ဖြစ်ကြောင်းကို ကြားသိနေရပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုဆိုရှယ်မီဒီယာကို မည်ကဲ့သို့စောင့်ကြည့်မည်၊ မည်ကဲ့သို့ဝယ်ယူသည်ကို သိရှိရန် လိုအပ်ပါသဖြင့် အဆိုပါဆက်သွယ်ရေးစက် ဝယ်ယူသုံးစွဲမှုကို ပြည်သူများ ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ထိုသို့ဝယ်ယူသုံးစွဲမှုသည် တည်ဆဲဥပဒေ၊ မူဝါဒများနှင့် ကိုက်ညီမှုရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။