(ဃ)-ရသေ့တောင်မြို့တွင် ပြည်သူလူထုသောက်သုံးရေဖူလုံစွာရရှိစေရန်အတွက် ကန်တော်ကြီးအား တိုးချဲ့ပြုပြင်တူးဖော်ရန်နှင့် ရေပိုက်လိုင်းများစနစ်တကျတပ်ဆင်ပြီး ရေပေးဝေရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ရသေ့တောင်မြို့ရှိ ကန်တော်ကြီးသောက်ရေကန်သည် လက်ရှိအခြေအနေတွင် သဘာဝမိုးရေလှောင် ကန်ဖြစ်ပြီး နှစ်ကာလကြာမြင့်သည်နှင့်အလျောက် နုန်းများဖို့နေသည့်အတွက် သိုလှောင်ရေပမာဏ နည်းပါးလျက် ရှိပါကြောင်း၊ မိုးရွာသွန်းမှုနည်းပါးသည့်နှစ်တွင် သောက်သုံးရေအခက်အခဲများကို များစွာ ကြုံတွေ့ရလျက် ရှိသည့်အပြင် ရေပေးဝေသည့်စနစ်သည် ရေထုတ်ပြွန်ကွန်ကျူ့မှတစ်ဆင့် Gravity Flow ဖြင့် တိုက်ရိုက်ပေးဝေရသည့်အတွက် အလေအလွင့်များခြင်း၊ မြေနိမ့်ရပ်ကွက်များတွင် ရေပိုလျှံသော်လည်း ကုန်းမြင့်ရပ်ကွက်များတွင် ရေလုံးဝမရခြင်းစသည့် အခက်အခဲများကိုလည်း ကြုံတွေ့နေကြရပါကြောင်း၊ ရသေ့တောင်မြို့ပေါ်တွင် ရပ်ကွက်လေးရပ်ကွက် ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် ဧပြီလတွင် စိစစ်ထားချက်အရ အိမ်ခြေ  ၁၄၈၄ ဖြစ်နေပါကြောင်း၊ ယခု ၁၅၀၀ ကျော်နေပြီ ဖြစ်ပါကြောင်း၊ လူဦးရေ ၈၀၀၀၀ နီးပါး ရှိနေပါကြောင်း၊ ယင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကို ခုနစ်ချက်ဖြင့် ရေးဆွဲထားပါကြောင်း၊ လက်ရှိအခြေအနေအရ ရသေ့တောင်မြို့တွင် မဟာဓာတ်အား လိုင်းမရရှိသေးသည့်အတွက် ရေတင်စက်အင်ဂျင်နှစ်လုံး ရေစုပ်တင်ရမည်ဟု ပါရှိသော်လည်း ယခုအခါ ရသေ့တောင်မြို့တွင် မဟာဓာတ်အားလိုင်းရရှိပြီးဖြစ်သည့်အတွက် ခန့်မှန်းကုန်ကျမည့် ငွေသည် ၅၁၀.၀၀ ကျပ်သန်းထက် လျော့နည်းသွားမည် ဖြစ်ပါကြောင်း၊

ရသေ့တောင်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိကို ပြည်နယ်အစိုးရက အသေးစိတ် တွက်ချက်မှုစာရင်းဇယားအတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တင်ပြထားရှိမှုအပေါ် ၃၀-၆-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၁၇) ဆုံးဖြတ်ချက်အရ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရေးဆွဲရန် ဆုံးဖြတ်ထားရှိမှုကို အကြောင်းကြားခဲ့ပါကြောင်း၊ သို့သော် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ထည့်သွင်းရေးဆွဲခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ရသေ့တောင်မြို့တွင် ပြည်သူလူထု သောက်သုံး ရေဖူလုံစွာရရှိစေရန်အတွက် ကန်တော်ကြီးအား တိုးချဲ့ပြုပြင်တူးဖော်ရန်နှင့် ရေပိုက်လိုင်းများ စနစ်တကျတပ်ဆင်ပြီး ရေပေးဝေရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။