(စ)-ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဥပဒေမဲ့အလွဲသုံးစား မပြုလုပ်နိုင်ရန် မည်သို့စီမံခန့်ခွဲပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဥပဒေမဲ့ အလွဲသုံးစား မပြုလုပ်နိုင်ရန်နှင့် မုတ္တမပင်လယ်ကွေ့အနီးရှိ သောင်ထွန်းမြေရိုင်းများအား သဘာဝဘေးအန္တရာယ် ကာကွယ်ပေးပြီး ဒေသခံပြည်သူစားဝတ်နေရေးအတွက် မည်သို့စီမံခန့်ခွဲပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ကျောက်တန်းမြို့တွင် သောင်ထွန်းမြေများ ဖြစ်ပေါ်နေသည့် ကျေးရွာ ၁၀ ရွာသည် ဧက ၂၀၀၀၀ ကျော် ရှိပါကြောင်း၊ ၎င်းကို လွန်ခဲ့သည့် တစ်နှစ်ကျော်က တိုင်းထွာခဲ့ခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ် ဧကထောင်ချီ သောင်ထွန်းသည့်အတွက်ကြောင့် ၎င်းမြေသည် အပြောင်းအလဲရှိနိုင်ပါကြောင်း၊ ထိုမြေများကို စနစ်တကျစီမံခန့်ခွဲရန် လိုနေသည့်အတွက်ကြောင့် ၈-၃-၂၀၁၇ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မုတ္တမပင်လယ်ကွေ့အနီးရှိ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်တွင် သဘာဝအလျောက် ထွက်ပေါ်လာသော သောင်ထွန်းမြေများကို စီမံခန့်ခွဲခြင်းနှင့် ပတ်သက်ပြီး မေးခွန်းမေးခဲ့ပါကြောင်း၊ အဆိုပါ သောင်ထွန်းမြေများကို စနစ်တကျပြန်လည် တိုင်းတာပြီး ပွင့်လင်းမြင်သာစွာ ချပြပေးရန်အပေါ် လုပ်ကိုင်ခွင့်ပြုထားခြင်းသည် စနစ်တကျ ဥပဒေ စည်းမျဉ်း၊ စည်းကမ်းအတိုင်းပြုလုပ်ပေးရန်နှင့် ကြီးကြပ်ပေးရန်အတွက်ကို အနီးစပ်ဆုံးဒေသခံ တောင်သူများကို အသုံးချခွင့်ပေးရန်ဆိုပြီး မေးခဲ့ခြင်းကို ပြည်ထောင်စုဒုတိယဝန်ကြီးမှ အဆိုပါကိစ္စများအားလုံးကို လုပ်ကိုင်ပေးမည်ဆိုသည့် ကတိကဝတ်ဖြင့် ဖြေကြားထားပါကြောင်း၊ သို့သော် ၂-၈-၂၀၁၈ ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး လက်မှတ်ထိုးထားပြီး ၂၇-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၆/၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ် ၁၇ အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပုဂ္ဂလိက၊ ကုမ္ပဏီများလျှောက်ထား ဆောင်ရွက်မှုကို လက်ခံဆောင်ရွက်ခြင်း ခွင့်မပြုရန် အကြောင်းကြားခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများ လျှောက်ထားခွင့် ရှိကြောင်းနှင့် စိစစ်ပြီးခွင့်ပြုမည်ဟု ဖြေကြားပြီး ၅ လခန့်အကြာမှ လွှတ်တော် ကတိကဝတ်နှင့်ဆန့်ကျင်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့ခြင်းကြောင့် မိမိတို့ ဒေသခံပြည်သူများသည် ဥပဒေကပေးထားသည့် အခွင့်အရေးပါ ဆုံးရှုံးခဲ့ရပါကြောင်း၊ သို့သော်လည်း လုပ်ငန်းရှင်များအနေဖြင့် လာရောက်လုပ်ကိုင်နေကြပါကြောင်း၊ အဆိုပါလုပ်ကိုင် နေကြသော မုတ္တမရွှေကမ်းသာ ကုမ္ပဏီသည် စိုက်ပျိုးရေးအတွက်ဆိုပြီး ၁၆-၁၂-၂၀၁၅ ရက်နေ့မှနေပြီး ဧက ၅၀၀ ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းအရဆိုလျှင် ပထမတစ်နှစ်တွင် ၇၅ ဧက၊ ၂၀၁၆ ခုနှစ်ဖြစ်သည့် ဒုတိယနှစ်တွင် ၁၅၀ ဧက၊ တတိယနှစ် ၂၀၁၇ ခုနှစ်တွင် ၁၅၀ ဧကနှင့် စတုတ္ထနှစ်တွင် ၁၂၅ ဧက အသီးသီး အကောင်အထည်ဖော်ရမည် ဖြစ်သာ်လည်း ၂၄-၁၁-၂၀၁၈ ရက်နေ့ ရောက်မှသာ စက်ယန္တရားအများကြီးနှင့် လူအင်အား ၃၀ ကျော်ဖြင့် လုပ်ငန်းလာပြီး အကောင်အထည်ဖော်နေခြင်း ဖြစ်ပါကြောင်း၊
ဒေသခံပြည်သူတိုင်ကြားသည့် အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းနှင့် တာဝန်ရှိသူများ သွားရောက် တားမြစ်သည့်အခါ ဝန်ကြီးချုပ်ကိုယ်တိုင်တားမှရပ်မည်ဆိုပြီး ဆက်လက် ဆောင်ရွက်သည့် အတွက်ကြောင့် တရားစွဲခဲ့ပါကြောင်း၊ ပုဒ်မ ၁၈၈ ဖြင့် ဒဏ်ငွေ ၂၀၀၀၀ နှင့် တရားရုံးက အမိန့်ချမှတ် ထားပါကြောင်း၊ သို့သော် ၎င်းလုပ်ငန်းအကောင်အထည် ဖော်သည်မှာ ယခုကာလအတွင်း အားလုံးပြီးဆုံး သွားခဲ့ပါကြောင်း၊ သောင်ထွန်းမြေများတွင် ဌာနဆိုင်ရာအသီးသီးမှ ယူထားခဲ့ပါကြောင်း၊ အစိုးရအပြောင်းအလဲ မလုပ်ခင်တွင် ဧကများ ထောင်ချီပြီး ချထားပေးခဲ့ခြင်း ရှိပါကြောင်း၊ ချထားပေးသည့် မြန်မာ့ရွှေမြေသစ် ကုမ္ပဏီဆိုလျှင် ဧက ၂၃၀၀ ကို ရခဲ့ပါကြောင်း၊ ထိုနေရာသည် ရန်ကုန်တိုင်းဒေသကြီး YCDC ရန်ကုန်စည်ပင်သာယာရေးမှ လုပ်ပိုင်ခွင့် ရလာပါကြောင်း၊ ပြီးလျှင် သစ်တောမြေဆိုပြီး ဒီရေတောသတ်မှတ် ထားခြင်းရှိပါကြောင်း၊ ၎င်းဒီရေတော၏ အောက်တွင် မြန်မာ့ရွှေမြေသစ်ကို ဧက ၂၃၀၀ ပေးခဲ့ပါကြောင်း၊ ၎င်းနေရာသည် ယခုအချိန် ဒီရေတက်သည့်အချိန်တွင် ပင်လယ်ရေပြင်သာ ဖြစ်ပါကြောင်း၊ ဥပဒေအရ ပင်လယ်ရေကို စီမံခန့်ခွဲခွင့်မရှိပါကြောင်း၊ မြေလွတ်၊ မြေရိုင်းပေါ်မှသာ စိုက်ပျိုးလုပ်ကိုင် ခွင့်ပြုခြင်းဖြစ်ပါကြောင်း၊ အဆိုပါမြေသည် စပါးစိုက်ပျိုး၍ရသည့် အနေအထားလည်း မဟုတ်ပါကြောင်း၊ နောက်တစ်ခုက ဒီရေတောဆိုတာက ဒီရေနှင့်ထိစပ်နေသည့် နေရာများတွှု် ဒီရေတောကိုစိုက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့က သဘာဝဘေးအန္တရာယ် ကာကွယ်ရန်အတွက် အရေးတကြီးလိုအပ်ပါကြောင်း၊ ၎င်းကို မိမိတို့ကိုယ်တိုင်လည်း လုပ်အားပေးပြီး ဒေသခံများနှင့်ပူးပေါင်းပြီး စိုက်ပျိုးပေးနိုင်ပါကြောင်း၊ သို့သော်လည်း ဒီရေတောသည် အကျဉ်းဦးစီးဌာနက လုပ်ပိုင်ခွင့်ယူထားပါကြောင်း၊ ဒီရေတောဧရိယာဆိုပြီးမှ နောက်တွင် ရွှေချောင်းကြီး ကုမ္ပဏီဆိုပြီး ယခုကဲ့သို့ထပ်ပြီး ပေးထားခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရန် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားအတွက်ကို စနစ်ကျသည့်စီမံခန့်ခွဲမှုများ အရေးတကြီး လိုအပ်သည့်အတွက်ကြောင့် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဥပဒေမဲ့ အလွဲသုံးစား မပြုလုပ်နိုင်ရန်နှင့် မုတ္တမပင်လယ်ကွေ့အနီးရှိ သောင်ထွန်းမြေရိုင်းများအား သဘာဝဘေးအန္တရာယ် ကာကွယ်ပေးပြီး ဒေသခံပြည်သူစားဝတ်နေရေးအတွက် မည်သို့စီမံခန့်ခွဲပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။