(ဆ)-တွံတေးမြို့နယ်နှင့် ကော့မှူးမြို့နယ်ကို ဆက်သွယ်ထားသော ကျေးလက်လမ်းအား အဆင့်မြှင့်တင် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
တွံတေးမြို့သည် မြတ်စွာဘုရားသခင်ထံက ဆံတော်ရှစ်ဆူကို ပထမဆုံး ပေးသနားခြင်းခံရသော တဖုတ္တနှင့် ဘလိက္ကကုန်သည်ညီနောင်တို့၏ ဇာတိမြို့ဖြစ်ပါကြောင်း၊ ၎င်းဆံတော်ရှစ်ဆူအနက် ခြောက်ဆူကို တည်ထားကိုးကွယ်ထားသော စကေဒဓာတုရွှေဆံတော် စေတီတော်မြတ်ကြီး တည်ရှိရာ ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက ဘုရားပုထိုးစေတီများနှင့်ပုံတူ မြန်မာနိုင်ငံတွင် ပထမဆုံး တည်ထားသည့် ပေါင်းတော်ချုပ်စေတီတော်ဝင်းကြီးရှိသောမြို့လည်း ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံးသောအိုးလုပ်ငန်း၊ ကမ္ဘာတွင် ထင်ရှားသည့်အိုးလုပ်ငန်းရှိသော မြို့လည်း ဖြစ်ပါကြောင်း၊ မွန်-မြန်မာ နှစ်(၄၀) စစ်ပွဲများဖြစ်ခဲ့စဉ်က ထင်ရှားသောမွန်ဘုရင်များ၊ မွန်မြို့စား၊ နယ်စားများ နန်းစိုက်သည့် ရှေးဟောင်းဒလမြို့သည်လည်း မိမိတို့ တွံတေးမြို့ ဖြစ်ပါကြောင်း၊ ပြည်သူချစ် ကျေးလက်အဆိုတော်ကြီး တွံတေးသိန်းတန်၏ဇာတိမြို့လည်း ဖြစ်ပါကြောင်း၊ တစ်ခေတ်တစ်ခါက အလွန်နာမည် ထင်ရှားကျော်ကြားခဲ့သော ထွေးညိုဇာတ်လမ်းတွဲ များ၏ သန္ဓေတည်ရာမြို့လည်း ဖြစ်ပါကြောင်း၊ သို့သော် ၎င်းကဲ့သို့တန်ဖိုးများရှိသည့်ကြားထဲက မိမိတို့က အဆိုပါတန်ဖိုးများကို ပြည်တွင်းပြည်ပ ခရီးသွားများကို ထုတ်ဖော်ပြသနိုင်စွမ်းမရှိ ဖြစ်နေ ပါကြောင်း၊ မိမိတို့မြို့က ကားလမ်းဆုံးမြို့ ဖြစ်နေသည့်အတွက်ကြောင့် ဖြစ်ပါကြောင်း၊ လှိုင်သာယာနှင့် တွံတေးဆက်သွယ်ထားသော တွံတေးတံတားကြီးကလည်း ရန်ကုန်မှ ဧရာဝတီမြစ်ဝကျွန်းပေါ်ကို သွားသော ခရီးသည်များ မိမိတို့မြို့ထဲမဝင်ဘဲ ကံဘဲ့လမ်းဆုံမှကပ်ပြီးကျော်သွားပါကြောင်း၊ အဆိုပါ အခြေအနေများကို ကျော်လွှားနိုင်ရန်၊ အခက်အခဲများကိုဖြေရှင်းနိုင်ရန် မိမိတို့တန်ဖိုးများကို ထုတ်ဖော် ပြသနိုင်ရန် ယခုရှိထားသော ကျေးလက်လမ်းတစ်ခုကို အဆင့်မြှင့်တိုးချဲ့လိုက်မည်ဆိုပါက ပြီးမြောက် သွားမည် ဖြစ်ပါကြောင်း၊ တွံတေးရွှေဆံတော်ဘုရားကြီး ခြေရင်းမှ ကော့မှူးမြို့နယ်နှင့် ဆက်သွယ် သောလမ်းသည် အရှည် ၉ မိုင် ရှိပါကြောင်း၊
အကယ်၍ ကံဘဲ့လမ်းဆုံမှ ကော့မှူး-ကွမ်းခြံကုန်းကိုမသွားဘဲ တွံတေးမှ ဖြတ်ပြီးသွားမည်ဆိုပါက လမ်းကြောင်း တိုတောင်းသွားမည်၊ တွံတေးမြို့၏ တန်ဖိုးများကိုလည်း ခံစားနားလည်သွားနိုင်သည့် အနေအထားရှိပါကြောင်း၊ ရန်ကုန်က လာသည့်ကားမှန်သမျှက ကံဘဲ့လမ်းဆုံက ကပ်ပြီးသွားကြသည့် အတွက် တွံတေးကို မဝင်ဖြစ်ကြပါကြောင်း၊ ၉ မိုင်ရှိသော လမ်းလေး၏ အကျယ်က ၉ ပေသာ ရှိတော့ပါကြောင်း၊ တံတားများ အခြေအနေကလည်း အလွန်ယိုယွင်းနေပြီး ပြိုပျက်တော့မည့် အနေအထား ဖြစ်ပါကြောင်း၊ ကားအသေးလေးတောင်မှ ခက်ခက်ခဲခဲသွားနေရသည့်အနေအထား ဖြစ်နေပါကြောင်း၊ ထို့ကြောင့် တွံတေးမြို့နယ်နှင့် ကော့မှူးမြို့နယ်ကို ဆက်သွယ်ထားသော ကျေးလက်လမ်းအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။