(က)-ရန်အောင်တိုက်နယ်ဆေးရုံ၊ အနောက်လျှော်ဖြူကုန်း တိုက်နယ်ဆေးရုံ၊ သီးပင်တိုက်နယ်ဆေးရုံတို့အတွက် လိုအပ်သောဆရာဝန်၊ သူနာပြု၊ ဝန်ထမ်း၊ ဆေးဝါးနှင်‌့ဆေးရုံသုံးပစ္စည်းများအား မည်သည်‌့ကာလတွင် ခွင်‌့ပြုချထားပေးမည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-27

 

(က)-ပျော်ဘွယ်မြို့နယ်အတွင်း တည်ဆောက်ပြီးသော (၁၆)ခုတင်ဆံ့ ရန်အောင်တိုက်နယ်ဆေးရုံ၊ အနောက် လျှော်ဖြူကုန်းတိုက်နယ်ဆေးရုံ၊ သီးပင်တိုက်နယ်ဆေးရုံတို့အတွက် လိုအပ်သော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်း၊ ဆေးဝါးနှင်‌့ဆေးရုံသုံးပစ္စည်းများအား မည်သည်‌့ကာလတွင် ခွင်‌့ပြုချထားပေးမည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

ပျော်ဘွယ်မြို့နယ်အတွင်း ကျေးလက်နေ ပြည်သူများ ကျန်းမာရေးစောင်‌့ရှောက်မှု ပြည့်စုံစွာ ခံစားရရှိစေရေးအတွက် ၂၀၁၆-၁၇ ခုနှစ်နှင့် ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အနောက်လျှော်ဖြူကုန်း တိုက်နယ်ဆေးရုံ၊ ရန်အောင်တိုက်နယ်ဆေးရုံနှင့် သီးပင်တိုက်နယ် ဆေးရုံများကို ဆောက်လုပ်ပြီးစီးခဲ့သည့်တွက် ၂၀၁၈ ခုနှစ် မတ်လတွင် ကုသရေးဌာနကို အပ်နှံခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ဆေးရုံများ၏ လက်ရှိအခြေအနေသည် တိုက်နယ်ဆေးရုံတစ်ခုတွင် ခွင်‌့ပြုအင်အား ၁၉ ခုအနက် အနောက်လျှောက်ဖြူကုန်း ဆေးရုံတွင် တာဝန်ခံဆရာဝန် (၁) ဦး၊ သူနာပြု (၂) ဦး ခန့်ထားပြီး ရန်အောင်တိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန် (၁) ဦး၊ သူနာပြု (၂) ဦး၊ ဆေးစပ် (၂) ဦး ပေါင်း (၄) ဦး ခန့်အပ် ထားရှိပါကြောင်း၊ သီးပင်တိုက်နယ် ဆေးရုံတွင် ဆရာဝန် (၁) ဦး၊ သူနာပြု (၂) ဦး ခန့်ထားသော်လည်း တိုက်နယ်ဆရာဝန်သည် မီးဖွားခွင်‌့ ယူထားပါကြောင်း၊ ထိုဆေးရုံများအတွက် ဆေးရုံအလိုက်လိုအပ်သည့် လျှပ်စစ်မီးရရှိရေး၊ ဝန်ထမ်းရရှိရေးနှင့် ဆေးရုံသုံးပစ္စည်းများ ရရှိရေးအတွက်ကို တင်ပြပါအတိုင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလခန့်မှစတင်ပြီး သက်ဆိုင်ရာဌာနအား အဆင့်ဆင်‌့တင်ပြ တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ဆေးရုံသုံးရုံနှင့် ရန်အောင်တိုက်နယ်ဆေးရုံ၊ အနောက်လျှော်ဖြူကုန်း တိုက်နယ်ဆေးရုံများအတွက် ၎င်းကျေးရွာ များတွင်ရှိသည့် ဆရာတော်၊ သံဃာတော်များ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များပူးပေါင်းပြီး လိုအပ်သည့်ဆေးဝါး၊ ဆေးပစ္စည်း၊ ပရိဘောဂများ ဖြည်‌့ဆည်းပြီး‌ လက်ရှိဆရာဝန်၊ သူနာပြုများဖြင့် ကျေးရွာသူ/သားများ၏ ကျန်းမာရေးစောင်‌့ရှောက်မှုကို မြို့နယ်ကုသရေးဦးစီးဌာနနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သီးပင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်လုပ်ငန်း မဝင်နိုင်သေးသည့်အတွက် ဆေးကုသမှု ပြုလုပ်နိုင်ခြင်း မရှိသေးပါကြောင်း၊

လက်ရှိ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဘဝ ကောင်းမွန်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်သည့် နေရာတွင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ဦးစားပေး ဆောင်ရွက်နေကြောင်း ကြားသိရသည့်အတွက် ပျော်ဘွယ်မြို့နယ်၏ ကျန်းမာရေးစောင်‌့ရှောက်မှု အခြေအနေများကို သိရှိနိုင်အောင် တင်ပြခြင်းလည်း ဖြစ်ပါကြောင်း၊ မိမိတင်ပြခဲ့သည့် တိုက်နယ်ဆေးရုံသုံးခုသည် တည်ဆောက်အပ်နှံပြီးမှုမှာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်သည့်အတွက် လိုအပ်နေသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းအင်အား၊ လျှပ်စစ်စွမ်းအားနှင့် ဆေးဝါးပစ္စည်း ဖြည်‌့ဆည်းပေးရန် သင်‌့နေပြီဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လိုအပ်ချက်များကို ဖြည်‌့ဆည်းပေးပြီး ပျော်ဘွယ်မြို့နယ်အတွင်း ကျန်းမာရေးစောင်‌့ရှောက်မှုကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပျော်ဘွယ်ကျေးလက်နေ ရဟန်းရှင်လူပြည်သူအများက မျှော်လင်‌့လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပျော်ဘွယ်မြို့နယ်အတွင်း တည်ဆောက်ပြီးစီးသည့် ၁၆ ခုတင်ဆံ့ ရန်အောင်တိုက်နယ်ဆေးရုံ၊ အနောက်လျှော်ဖြူကုန်း တိုက်နယ်ဆေးရုံ၊ သီးပင်တိုက်နယ်ဆေးရုံတို့အတွက် လိုအပ်သည့်ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်း၊ ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများကို ဖြည်‌့ဆည်းပေးရန်အတွက် မည်သည့် အချိန်ကာလတွင် ခွင်‌့ပြုချထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။