(စ)-ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား ဒဏ်ငွေပေးဆောင်မှုအခက်အခဲအဆင်ပြေစေရန် (One Stop Services) အဖွဲ့များဖွဲ့၍ ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် များအား မှတ်သားဖမ်းဆီးမှုဆောင်ရွက်ရာတွင် ဒဏ်ငွေပေးဆောင်မှုအခက်အခဲအဆင်ပြေစေရန် (One Stop Services)အဖွဲ့များဖွဲ့၍ ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်-မန္တလေးလမ်းမကြီးတွင် တိုးလ်းဂိတ်များအဖြစ် ရန်ကုန်-ဖြူး-နေပြည်တော်နှင့် မန္တလေးမြို့ တို့တွင်တည်ရှိပါကြောင်း၊ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား မှတ်သား ဖမ်းဆီးမှုဆောင်ရွက်၍ နီးစပ်ရာ တိုးလ်ဂိတ်များတွင် မှတ်သားထားသည့်ယာဉ်များကို ဖမ်းဆီးကြပါကြောင်း၊ သတ်မှတ်မိုင်နှုန်းသည် ခရီးသည်တင်ကားကြီးများအတွက် တစ်နာရီ ကီလိုမီတာ ၈၀၊ မော်တော်ယာဉ် အသေးများအတွက် တစ်နာရီ ကီလိုမီတာ ၁၀၀၊ Light Truck ကားများအတွက် တစ်နာရီလိုမီတာ ၆၀ အထိ သတ်မှတ်ထားပြီး သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်များကို ဖမ်းဆီးခြင်းဖြစ်သည့် အတွက် ခရီးသည်များ အန္တရာယ်ကင်းရှင်းစေရန် ကောင်းမွန်သောအစီအစဉ်ဖြစ်ပါကြောင်း၊ သို့သော် တိုးလ်ဂိတ်တွင်ရှိသော တာဝန်ကျရဲဝန်ထမ်းများမှ Wheel Tax များကိုသိမ်းယူပြီး တိုးလ်ဂိတ်နှင့် နီးစပ်ရာမြို့နယ်များဖြစ်သော ဖြူး၊ ပဲခူး၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဒဏ်ကြေးပေးဆောင်ရန် နောက်တစ်နေ့မနက် ၁၂ နာရီထက်နောက်မကျဘဲ သက်ဆိုင်ရာတရားရုံးသို့ သွားရောက်ဒဏ်ကြေး ပေးဆောင်ရန်နှင့် သက်မှတ်နာရီထက်နောက်ကျပါ နောက်တစ်နေ့ထပ်မံချိန်းဆိုသည်ဟု သိရှိပါကြောင်း၊ ပြောကြား ကြောင်း သိရှိရပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်မိ၍ ဒဏ်ကြေး ပေးဆောင်ရပါက မြစ်ကြီးနား၊ လားရှိုး၊ ကော့သောင်း၊ မြိတ်ဒေသများကဲ့သို့ ဝေးလံသောဒေသများမှ မော်တော်ယာဉ်များအတွက် ခရီးနှောင့်နှေးကြန့်ကြာသည့် အခြေအနေနှင့် ကြုံတွေ့ရမည်ဖြစ်သည့်အပြင် နောက်တစ်နေ့ တရားရုံးများကို ချိန်းဆိုဒဏ်ရိုက်ခြင်းမှာ ရည်ရွယ်ချက် မအောင်မြင်ဘဲ အများပြည်သူအား ဒုက္ခပေးသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ယာဉ်မတော်တဆဖြစ်သည့်အမှုကြီးများအတွက် တရားရုံး Procedure အရ ဆောင်ရွက်ခြင်းကို မပြောကြားလို သော်လည်း သတ်မှတ်မိုင်နှုန်းပိုမိုမောင်းနှင်၍ ဒဏ်ရိုက်ရသော မော်တော်ယာဉ်များအတွက် နီးစပ်ရာ တိုးလ်ဂိတ်တွင် One Stop Services အဖွဲ့များဖွင့်၍ အဖွဲ့စုံဖြင့် ဒဏ်ကြေးပေးဆောင် သင့်ပါကြောင်းကို အကြံပြု လိုပါကြောင်း၊
သို့ဖြစ်ပါ၍ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား မှတ်သားဖမ်းဆီးဆောင်ရွက်ရာတွင် ဒဏ်ကြေးပေးဆောင်မှုအခက်အခဲ အဆင်ပြေစေရန် One Stop Services အဖွဲ့များဖွင့်၍ ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်မည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။