(က)-တမူးမြို့နယ်သို့ မဟာဓာတ်အားလိုင်းသွယ်တန်းပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် လူဦးရေ ၁၂၇၀၀၀ ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံ၏ အနောက်မြောက် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင် တည်ရှိပါကြောင်း၊ ၈.၄.၂၀၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မဏိပူရလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကုမ္ပဏီမှ တစ်ယူနစ်လျှင် နှစ်ရာကျပ်နှုန်းဖြင့် လျှပ်စစ် ဓာတ်အားဝယ်ယူအသုံးပြုနေပါကြောင်း၊ လတ်တလောတွင် တမူးမြို့နေပြည်သူများအတွက် လျှပ်စစ်မီး လိုအပ်ချက် ပြည့်စုံသော်လည်း ရေရှည်တွင် လျှပ်စစ်မီးသုံးစွဲမှုများလာသည်နှင့်အမျှ ကုန်ကျစရိတ် များပြားနိုင်ပါကြောင်း၊ ကျေးရွာများကို သွယ်တန်းပါကလည်း ဓာတ်အားခကြီးမြင့်သည့်အတွက် ကျေးရွာ နေ ပြည်သူများအတွက် သုံးစွဲရန်ခက်ခဲမည်ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အသုံးစရိတ်မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် ၂၂.၂၄ ရာခိုင်နှုန်း အသုံးပြုမည်ဖြစ်သော်လည်း တမူးမြို့နယ်အတွက် မဟာဓာတ်အားလိုင်းသွယ်တန်းရန် ၂၀၁၈-၁၉ ခုနှစ်တွင် ရန်ပုံငွေလျာထားသည်ကို မတွေ့ရှိရပါကြောင်း၊ ၂၁-၉-၂၀၁၆ ရက်နေ့ အမျိုးသားလွှတ်တော်တွင် တမူးမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်မှ တမူးမြို့နယ်အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး မေးမြန်းရာ ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေရရှိရေး ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဖြေကြားထားသော်လည်း ယနေ့အထိ ဓာတ်အားလိုင်း မသွယ်တန်းနိုင်သေးပါကြောင်း၊ ၃၀-၈-၂၀၁၇ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖောင်းပြင် မဲဆန္ဒနယ် ကိုယ်စားလှယ်၏ ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိရေး မေးခွန်းနှင့်ပတ်သက်ပြီး ကလေး-တမူး-မြို့သစ်-ဖောင်းပြင်သို့ လျှပ်စစ် ဓာတ်အားသွယ်တန်းရာ ၂၀၁၉-၂၀ ခုနှစ်တွင် ကလေး-တမူးဓာတ်အား လိုင်း မိုင် ၉၀ နှင့် ၂၃၀ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ခြင်းကို ရန်ပုံငွေတောင်းခံပြီး ၂၀၂၁-၂၂ ခုနှစ်တွင် တည်ဆောက် ပြီးစီးရန် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားထားပါကြောင်း၊
သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်သို့ မဟာဓာတ်အားလိုင်းသွယ်တန်းပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုသောကြောင့် မေးခွန်း မေးမြန်းခဲ့သည်။