(က)-ညောင်လေးပင်မြို့နယ်၏ အရှေ့ဘက်နယ်နိမိတ်တွင် မြောက်မှတောင်သို့ စီးဆင်းနေသော စစ်တောင်းမြစ်တွင် ပေါ်ထွန်းနေသော သောင်များနှင့် စစ်တောင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းပြုပြင်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-27

 

ညောင်လေးပင်မြို့နယ်၏ အရှေ့ဘက်နယ်နိမိတ်တွင် မြောက်မှတောင်သို့ စီးဆင်းနေသော စစ်တောင်း မြစ်တွင် ပေါ်ထွန်းနေသော သောင်များနှင့် မြစ်ကမ်းများ ရေတိုက်စားမှုအတွက် မည်သို့စီစဉ်ဆောင်ရွက် ထားရှိခြင်းနှင့် စစ်တောင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းပြုပြင်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ကလောမြို့နယ်မှ စတင်မြစ်ဖျားခံစီးဆင်းသည့် ပေါင်းလောင်းမြစ်အတွင်းသို့ ပျဉ်းမနားမြို့နယ်၊ အေလာမြို့အနီးရှိ ချောင်းငယ်၊ မြစ်ငယ်ပေါင်းစုံ စီးဝင်ပြီး စစ်တောင်းမြစ်ဖြစ်လာပါကြောင်း၊ စစ်တောင်းမြစ်သည် တောင်ဘက်တွင် မိုင်ပေါင်း ၂၆၀ ခန့် အရှည်နှင့် မုတ္တမပင်လယ်ကွေ့ထဲသို့ စီးဆင်းပါကြောင်း၊ ထိုသို့စီးဆင်းရာ အရှေ့ဘက်ရှမ်းရိုးမနှင့် အနောက်ဘက် ပဲခူးရိုးမတို့မှ ချောင်းငယ်၊ မြစ်ငယ်များ မြစ်လက်တက်များအဖြစ် စစ်တောင်းမြစ်အတွင်းသို့ စီးဝင်ပါကြောင်း၊ ညောင်လေးပင် မြို့နယ်၏ မြောက်ဘက်အစွန်ဆုံးရွာ ရေတွင်းကုန်းမှ တောင်ဘက်အစွန်ဆုံးရွာ ထင်းကုန်းရွာအထိ မိုင်ပေါင်း ၃၀ ခန့်သို့ အကွေ့အကောက်များနှင့် စီးဆင်းနေပါကြောင်း၊

ထိုသို့စီးဆင်းပြီး သဲသောင်များ ဖြစ်ထွန်းလာခြင်းကြောင့် ရေစီးကြောင်းပြောင်းလဲပြီး မြစ်အနောက်ဘက် ညောင်လေးပင်မြို့နယ်ဘက်ကမ်းသို့ ရေဦးတိုက်ပြီး ကမ်းပါးကို ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် တချို့ကျေးရွာများ ပြောင်းရွှေ့ကြရပြီး စိုက်ပျိုးမြေဧကများစွာ ဆုံးရှုံးရပါကြောင်း၊ ယခင်ဖို့ထားသည့် တာများထိ ရေတိုက်စားလာသည့်အခါ ရေလွှမ်းမိုးမှုကို ကာကွယ်နိုင်ရန်အတွက် ကမ်းတာများ ဖို့ရသဖြင့် စိုက်ပျိုးမြေများ ဆုံးရှုံးရပါကြောင်း၊ ယခုလို ရေစီးကြောင်းပြောင်းလဲမှုများ ဆက်တိုက်ဖြစ်နေမည်ဆိုလျှင် ညောင်လေးပင်မြို့နယ်အတွင်းရှိ လယ်မြေဧကပေါင်းများစွာ ဆုံးရှုံးရမည်ဖြစ်သည့်အပြင် ညောင်လေးပင် မြို့နယ်၊ မဒေါက်မြို့နှင့် ရွှေကျင်မြို့တို့ကို ဆက်သွယ်ပေးထားသည့် စစ်တောင်းတံတားကြီးနှင့် စစ်တောင်းမြစ်ရေစီးကြောင်း တို့သည်လည်း တခြားစီဖြစ်သွားမည့် အခြေအနေများလည်း ဖြစ်ပေါ်လာနိုင် ပါကြောင်း၊

နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ မြစ်အတွင်း နုန်းအနည်များကျလာသည့်အတွက် မြစ်နှင့် ရေထုများ တိမ်လာသည့်အတွက် မိုးရာသီတွင် ရေကြီးရေလျှံပြီး နွေရာသီတွင် လှေ၊ မော်တော်များ အသွားအလာ ခက်ခဲလာပါကြောင်း၊ စစ်တောင်းမြစ်သည် ညောင်လေးပင်မြို့နယ်တွင် မိုင် ၃၀ ခန့် အကွေ့အကောက်များစွာနှင့် စီးဆင်းရာ မဒေါက်မြို့တွင် ပိုပြီးကွေ့ကောက်စွာ စီးဆင်းနေသဖြင့် ရေမြောင်းများဖောက်ပြီး ရေကြောင်းဖြောင့်သည့်အခါ တချို့နေရာများတွင် မြစ်ကျိုးအင်းများ ဖြစ်ပေါ်ပါကြောင်း၊ မဒေါက်မြို့ မြောက်ဘက်တွင် သောင်ထွန်းနေသောကြောင့် မြစ်ကြောင်းသည် စစ်တောင်းတံတားအောက်သို့ မစီးဆင်းဘဲ ညောင်လေးပင်ကမ်းဘက်သို့ စီးနေပါကြောင်း၊ သောင်ပြင်ကျယ်လာသည်နှင့်အမျှ မြစ်ကြောင်းသည် ညောင်လေးပင်ဘက်သို့ ပိုပြီးတိုးလာပါကြောင်း၊ လမ်းကြောင်းပြောင်းလာသည့် ရေစီးကြောင်းသည် ကမ်းပါးကို တိုက်စားပါကြောင်း၊ ကမ်း၏အနောက်ဘက်ရှိ ဖို့ထားသည့်တာနှင့် ရေစီးကြောင်းသည် မဝေးတော့သည့်အတွက် ၂၀၁၇ ခုနှစ်တွင် ကမ်းတာဖို့ထားရပါကြောင်း၊ မြစ်ရေ တိုက်စားမှုကြောင့် ကျောင်းရွာတွင် စည်းရိုးနှင့် ရွာတစ်ဝက်လောက် ရေထဲပါသွားပြီး မြစ်လယ်တွင် သောင်ထွန်းနေပါကြောင်း၊ ဇူလိုင်လအတွင်း မိုးများပြီး မြစ်ရေတက်သဖြင့်  မဒေါက်မြို့အတွင်း ရေကြီး ရေလျှံဖြစ်ပြီး ဖို့ထားသည့် တာသည်လည်း ရေအိကျလာသည့်အခါ သဲအိတ်များနှင့် ပြန်ပြီးဖို့ရပါကြောင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်တောင်းမြစ်တစ်လျှောက်ရှိ ကျေးရွာများ စိုက်ပျိုးမြေ ဧကပေါင်း ၃၀၀၀၀ ကျော်ရှိပါကြောင်း၊

ဖော်ပြပါဖြစ်ရပ်များသည် စစ်တောင်းမြစ်တစ်လျှောက်ရှိ မြို့နယ်အများအပြားတွင် ဖြစ်နေသောကြာင့် ညောင်လေးပင်မြို့နယ်၊ စစ်တောင်းမြစ်အတွင်းပေါ်ထွန်းနေသော သောင်များနှင့် မြစ်ကမ်းများ ရေတိုက် စားခြင်းအတွက် မည်သို့စီစဉ်ဆောင်ရွက်ထားရှိခြင်းနှင့် နံပါတ်(၂) စစ်တောင်း မြစ်ကြောင်းတစ်လျှောက် ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါလျှင် မည်သည့်အချိန်အခါတွင် စတင်ဆောင်ရွက်ပါမည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့သည်။