(ဃ)-ကသာမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ရဲနီဗျားချောင်း အောက်ခြေကြမ်းပြင်မြင့်တက် လာသောကြောင့် လယ်ယာမြေလုပ်ငန်းခွင် ပျောက်ကွယ်သွားပါ၍ ရဲနီဗျားချောင်းကြမ်းပြင်ကို ယန္တရားအင်အားဖြင့် ပြန်လည်တူးဖော်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကသာမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ရဲနီဗျားချောင်း အောက်ခြေကြမ်းပြင်မြင့်တက် လာသောကြောင့် မြစ်ထဲသို့ ရေစီးမထွက်နိုင်တော့သဖြင့် ထိုချောင်းဖြတ်သန်းစီးဆင်းသော ဘွက်၊ ကူကာ၊ ဝက်တူးကျေးရွာအုပ်စုတို့ အပိုင်နယ်မြေတခွင်မှ ဧက ၂၅၀၀ ခန့် လယ်ယာမြေကွင်းကြီးမှာ ကွင်းရေပြန်မထွက်နိုင်တော့ဘဲ စိုက်မြေများ ပြန်မပေါ်တော့ရာ တောင်သူလယ်သမားအများအပြား လယ်ယာမြေလုပ်ငန်းခွင်ပျောက်ကွယ်သွားပါ၍ ရဲနီဗျားချောင်းကြမ်းပြင်ကို ယန္တရားအင်အားဖြင့် သင့်လျော်သလို ပြန်လည်တူးဖော်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ကသာမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် ကျေးရွာအုပ်စုပေါင်း ၁၃ စု ရှိပါကြောင်း၊ ၎င်းတို့အနက် ကူကာအုပ်စု၊ ဘွက်အုပ်စု၊ ဝက်တူးအုပ်စု၊ အပိုင်နယ်မြေတွင် အင်းတစ်လှည့်၊ အခင်းတစ်လှည့် နှစ်ပေါင်းမြောက်များစွာလုပ်ကိုင်စားသောက်လာခဲ့သည့် ဧက ၂၅၀၀ ပတ်လည်ရှိ စိုက်ပျိုးမြေများ ရှိသော်လည်း အဆိုပါစိုက်ပျိုးမြေများသည် အမှန်တကယ်တွင် နှစ်ပေါက်မစိုက် နိုင်ပါကြောင်း၊ မိုးရာသီရေကြီးချိန်တွင် ၎င်းမြေအားလုံး ရေအောက်ရောက်သွားပါကြောင်း၊ ထိုအခါ အင်းကွက်များဖော်ပြီး ရေလုပ်ငန်းလုပ်ကိုင်ကြရပါကြောင်း၊ ယခုကဲ့သို့သောရာသီတွင် ရေပြန်ကျပြီး မိုးလည်းပြတ်သွားပါက အဆိုပါကွင်းထဲဝင်ရောက်နေသောရေအားလုံးသည် ထိုဒေသတွင် အဓိက ဖြတ်စီးနေသည့် ရဲနီဗျားချောင်းမကြီးမှ ဧရာဝတီမြစ်ထဲကို ပြန်လည်စီးဆင်းသွားသည့်အခါ စိုက်ပျိုးမြေ များပြန်ပေါ်လာမှ တောင်သူလယ်သမားများ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ စိုက်ကြရပါကြောင်း၊ ယခု သဘာဝပတ်ဝန်းကျင်များ အလွန်ပျက်စီးသွားသည့်အခါ မြစ်၊ ချောင်း အများစုဒုက္ခရောက်ပြီး ရေ အဓိကစီးဆင်းသော ရဲနီဗျားချောင်းသည်လည်း တဖြည်းဖြည်းကောလိုက်လာပြီး ချောင်းအဝ မြစ်ထဲဝင်ရောက်သည့်နေရာတွင်လည်း ရေကောင်းကောင်းမထွက်နိုင်တော့သည့်အတွက် ဝင်ရောက် ထားသောရေများ တစ်နှစ်ပတ်လုံး မည်သည့်အခါမျှပြန်မထွက်တော့ဘဲ စိုက်ပျိုးရေးလုပ်ငန်း မလုပ်ကိုင်ရသည်မှာ ခြောက်နှစ်ကျော်ခန့်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊
ကွင်းအမှတ်(၂၆၁) အောက်တွင် စိုက်ပျိုးမြေများရှိပါကြောင်း၊ ဧက ၂၅၀၀ ပြန်ပေါ်ရန်အတွက် ပြည်ထောင်စုဘတ်ဂျက်ဖြင့်သုံးမှ အလုံအလောက်ရရှိပြီး လုပ်ကိုင်ရမည့်လုပ်ကွက်ကလည်း ချောင်းရိုး က ၂.၂ မိုင်တူးရမည် ဖြစ်ပါကြောင်း၊ အကျယ် ပေ ၁၀၀ မှ ၁၅၀ ပေ၊ အနက် ၁၀ ပေ တူးဖော် ရမည်ဖြစ်ပါကြောင်း၊ မြစ်ထဲကို ဝင်ရောက်နေသော သဲများသယ်ဆောင်လာသည့် ချောင်းပေါက် အငယ်လေးများကို ပိတ်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် မလုံလောက် ပါကြောင်း၊ ပြည်ထောင်စုဘတ်ဂျက်မရရှိမီ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကလည်း ယခုနှစ်ထဲတွင် နှစ်ကြိမ်ခန့်လာကြည့်ပြီး လတ်တလောတွင်တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ကြိုးစားဆောင်ရွက် နေပါကြောင်း၊ တိုင်းဒေသကြီးဘတ်ဂျက်က မလုံလောက်သည့်အတွက် အကျယ် ပေ ၁၀၀ အနက် အကျယ် ၁၈ ပေခန့်သာ တူးဖော်နိုင်ပါကြောင်း၊ တူးပြီးပါက သဲများကိုပြန်မကျစေရန် ရေကာ၊ ကတုတ်နှင့် ကမ်းထိန်းနံရံ စသည်တို့ကို ဆောင်ရွက်ရန်ရှိပါကြောင်း၊ ရဲနီဗျားချောင်းကြမ်းပြင်ကို ပြည်ထောင်စုဘတ်ဂျက်ထဲက ခွဲဝေချမှတ်ပြီး ယန္တရားအင်အားဖြင့် သင့်တော်သလို ပြန်လည်တူးဖော် ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။