(ဆ)-လားရှိုးမြို့ မြို့တွင်းမီးပွိုင့်တပ်ဆင်မှု၏ ဆက်စပ်မေးခွန်းဖြေကြားချက်နှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် မိမိတို့လားရှိုးမြို့တွင်း လမ်းဆုံလမ်းခွ ငါးနေရာတွင် မီးပွိုင့်များတပ်ဆင်ပေးရန် အစီအစဉ်နှင့် ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ပါသည်။ ၎င်းမေးခွန်းကို ယခင်ဒုတိယဝန်ကြီးက ရှမ်းပြည်နယ်အစိုးရ၏ကိုယ်စား လာရောက်ဖြေကြားရာ အကြောင်းအမျိုးမျိုးကြောင့် တစ်နေရာမှ တပ်ဆင်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားထားပါသည်။ ထို့ကြောင့် ယာဉ်အသွားအလာ ရှုပ်ထွေးသည့် မြို့တော်ခန်းမအဝိုင်း လမ်းဆုံတွင် ယာဉ်မတော်တဆဖြစ်မှု အန္တရာယ်ကာကွယ်နိုင်အောင် မည်သို့သောအစီအမံများဖြင့် စီစဉ်ထားရှိသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးမြန်းခဲ့ပါကြောင်း၊ ဆက်စပ်မေးခွန်းအတွက် ရှမ်းပြည်နယ်အစိုးရမှ ကွင်းဆင်းစစ်ဆေးချက်အရ ထွက်ပေါ်လာသည့် အစီအမံသုံးမျိုးအနက်က အသင့်တော်ဆုံး အစီအမံတစ်မျိုးမျိုးဖြင့် ဆောင်ရွက်သွားရန် လျာထားပါကြောင်း ရုံးစာဖြင့် ပြန်ကြားထားပါသည်။
ယာဉ်အသွားအလာ ရှုပ်ထွေးသည့် မြို့တော်ခန်းမအဝိုင်း လမ်းဆုံတွင် မြို့တော်ခန်းမဘက်က စက်သုံးဆီဆိုင်၊ ဆက်သွယ်ရေးရုံး အဝိုင်းငယ်လေးရှိပါကြောင်း၊ စက်သုံးဆီဆိုင်၊ မြို့တော်ခန်းမ၊ ဆက်သွယ်ရေးရုံးတို့သည် မီးပွိုင့်မရှိသည့်အတွက် ၎င်းအဝိုင်းကိုပတ်လာသည့် မော်တော်ယာဉ်များသည် စက်သုံးဆီဆိုင်ထဲဝင်သွားသည့်အတွက် ယာဉ်အန္တရာယ်ဖြစ်နိုင်ခြေ ပိုများသော အခြေအနေ ဖြစ်ပါကြောင်း၊
ထို့ကြောင့် ရှမ်းပြည်နယ်အစိုးရလျာထားသည့် အစီအမံသုံးမျိုးထဲက ပထမအစီအမံ အနေဖြင့် လက်ရှိ ပေ ၄၀ အဝိုင်း၊ ပေ ၄၀ အကြီးရှိသည့် အဝိုင်းကို ပေ ၆၀ အဝိုင်းအဖြစ် ပြုပြင်ပြီး ယာဉ်ကြောကို ထိန်းမည့် အစီအစဉ်ဖြစ်သော်လည်း ကောင်းကျိုးထက် ဆိုးကျိုးသာများနိုင်ကြောင်း စိစစ်ရေးအဖွဲ့ကသုံးသပ် တင်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ဒုတိယအစီအမံအရ လက်ရှိအဝိုင်းကို နေရာအနည်းငယ်ရွှေ့ပြီး ဆောင်ရွက်သွားမည့် နည်းလမ်းဖြစ်ပါကြောင်း၊ ၎င်းနည်းလမ်းသည်လည်း ထူးခြားမှုမရှိနိုင်ကြောင်း သုံးသပ် တင်ပြထားပါသည်။ တတိယအစီအမံဖြစ်သည့် လက်ရှိအဝိုင်းကို လေးခွဆုံလမ်းအဖြစ် ပြောင်းပြီး မီးပွိုင့်တပ်ဆင်သည့် စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း သပ်တင်ပြထားသော်လည်း အဝိုင်းပေါ်တွင် တင်ထားသည့် ရုပ်ထုဖယ်ရှားရေးအတွက် လားရှိုးပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူပြီးမှသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းရှင်းလင်း ဖြေကြားခဲ့ပါကြာင်း၊ ယခုလို ဖြေကြားထားခဲ့သည်မှာလည်း ယခုဆိုလျှင် တစ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည့်အတွက် လားရှိုးပြည်သူများ၏ ကိုယ်စား မေးမြန်းလိုသည်မှာ ထိရောက်စွာ ဆောင်ရွက်နိုင်မည့် အစီအမံကို မည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။