(ဂ)-လေရှီးမြို့နယ်၏ အဓိကပင်မလမ်းကြောင်းဖြစ်သော ထမံသီ-လေရှီး-အိန္ဒိယနယ်စပ်လမ်းကြောင်းပေါ်ရှိ ထမံသီ ချင်းတွင်းမြစ်ကူးတံတားအား မည်သည့်ခုနှစ်တွင် စတင်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၏ အဓိကဆက်သွယ်ရေး လမ်းကြောင်းသည် ထမံသီ-လေရှီးကားလမ်း ဖြစ်ကြောင်း၊ ထမံသီတွင် ရေကြောင်းကို တစ်ဆင့် ပြောင်းစီးရကြောင်း၊ ချင်းတွင်းမြစ်ကူးတံတား မရှိသည့်အတွက် ပွင့်လင်းရာသီဖြစ်သော်လည်း စက်လှေကိုသာ အားကိုးအားထားပြုရပါကြောင်း၊ တစ်ခါတရံ ခန္တီးလိုင်းစက်လှေ မမီသည့်အခါ၌ ထမံသီတွင် ညအိပ်ကြရကြောင်း၊

လေရှီးမြို့နယ်၏ အဓိကလမ်းကြောင်းဖြစ်သည့် ထမံသီ-လေရှီး-အိန္ဒိယနယ်စပ်သို့ ဆက်သွယ်သည့် လမ်းကြောင်းတွင် လေရှီးမြို့နယ် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့် နေထိုင်ကြပါကြောင်း၊ ဟုမ္မလင်း မြို့နယ်မှ ခန္တီးမြို့နယ်သို့ ဆက်သွယ်ထားသည့် မဟာဗျူဟာ လမ်းမကြီးသည်လည်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်အတွက် ၎င်းလမ်းနှင့် ဆက်စပ်လျက်ရှိသည့် ထမံသီ မြစ်ကူးတံတား ဆောက်လုပ်ပေးမည် ဆိုပါက လေရှီးမြို့နယ်မှ ပြည်မကို နာရီပိုင်းအတွင်း ဆက်သွယ်သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် လေရှီးမြို့နယ်တွင် လမ်းကြောင်းတစ်ခု လျာထားချက် ရှိသည့်အတွက်  သမ္မတဦးထင်ကျော် ၂၀၁၇ ခုနှစ် နာဂနှစ်သစ်ကူးပွဲ ခရီးစဉ်တွင် ၎င်းတံတားကို တည်ဆောက်ပေးရန် တောင်းဆိုသည့်အချိန်တွင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်က ထမံသီမြစ်ကူးတံတားကို ဆောက်လုပ်ပေးမည်ဟု ပြောခဲ့ပါကြောင်း၊ ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၁၇ ခုနှစ် ထမံသီခရီးစဉ်တွင်လည်း ၎င်းတံတားကို ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးမည်ဟု တွေ့ဆုံပွဲတွင် ပြောခဲ့ကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ဘတ်ဂျက်လျာထားချက်တွင် သန်း ၂၀၀ အဆိုပြုထားသော်လည်း ဝန်ကြီးဌာနအနေဖြင့် ထောက်ခံခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း လျာထားခြင်း မရှိသည့်အတွက် အဆိုပါတံတားကို မည်သည့်အချိန်တွင် စတင်ဆောက်လုပ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။