(ဃ)-ဒေါ်သန္တာ(အိမ်မဲမဲဆန္ဒနယ်) အိမ်မဲမြို့နယ်ရှိ ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်းကို ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းတဲ့မေးခွန်း
အိမ်မဲမြို့နယ်သည် ကုန်းလမ်း၊ ရေလမ်းနှစ်မျိုးလုံးမှ သွားလာနိုင်သော်လည်း မိုးရာသီတွင် သွားလာရ မလွယ်ကူသည့်အတက် ရေလမ်းကိုသာ အသုံးပြုကြရပါကြောင်း၊ ကုန်းလမ်းသည် နွေရာသီတွင် ဖုန်ထနေပြီး ကျန်းမာရေးနှင့် မညီညွတ်သည့် လမ်းတစ်လမ်းအနေဖြင့်သာ ရှိနေပါကြောင်း၊ မိုးရာသီတွင် ရွှံ့ဗွက်ပေါက်နေခြင်း၊ ကျောက်လမ်းများ ပျက်စီးနေခြင်း၊ ရေကျော်ခြင်းများကြောင့် သွားရေးလာရေး အလွန်ခက်ခဲပါကြောင်း၊
စိုက်ပျိုးရေးကို အခြေခံသည့်မြို့ ဖြစ်သည့်အတွက် မျိုးစပါးသယ်ယူခြင်း၊ သွင်းအားစု သယ်ဆောင်ခြင်းတို့တွင် လမ်းခရီးများ နှောင့်နှေးရပါကြောင်း၊ မိုးရာသီကာလတွင် အဖြစ်များသည့် သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဆေးရုံဆေးခန်း သွားရောက်ရန် ခရီးကြန့်ကြာမှုများကြောင့် အသက်အန္တရာယ် ဆုံးရှုံးမှုများလည်း ရှိနေပါကြောင်း၊ စိုက်ပျိုးချိန်တွင် ပိုးထိခြင်းသည် ဆေးရုံကိုအချိန်မီ သွားရောက်နိုင်ရန် အလွန်လိုအပ်လျက် ရှိပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ မီးဖွားစဉ် ကိုယ်ဝန်ဆောင်သေဆုံးမှုသည် ဧရာဝတီတိုင်းဒေသကြီးက မြင့်တက်နေသည့်အတွက်ကြောင့် ရာသီမရွေးသွားလာနိုင်သည့် လမ်းများလိုအပ်နေပါကြောင်း၊
ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်း၏ လွန်ခဲ့သည့် နှစ်ရက်က တွေ့ရှိရသည့် အခြေအနေအရ အောက်တွင် ကျောက်သားမရှိသည့်အတွက် မြေသားအောက်တွင် မြေဖော်ထားသည့်အတွက်ကြောင့် ယခုချိန်တွင် ဖုန်တထောင်းထောင်းဖြင့် မြေသားလမ်းအသွင်သာ ရှိနေပါကြောင်း၊ ညောင်ကုန်းချောင်းဖျား လမ်းသည် အိမ်မဲတက္က-ပုသိမ်ကားလမ်းမှတစ်ဆင့် လမ်းခွဲဖြစ်ပြီး (A) အဆင့် သတ်မှတ်ထားသည့်လမ်း ဖြစ်ပါကြောင်း၊ အရှည် ၁၂ မိုင် ၅ ဖာလုံ အကျယ် ၁၀ ပေ ရှိပြီး ၂၀၁၄-၁၅ ခုနှစ်တွင် ၃ မိုင်နှင့် ၂၀၁၅-၁၆ ခုနှစ်တွင် ၉ မိုင်ကျောက်ချောလမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခင်းခဲ့ပြီး လမ်းတစ်လျှောက်တွင် Box Culvert သုံးခု၊ ရေပြွန်ကိုးခု ရှိပါကြောင်း၊ လက်ရှိတွင် အင်းမကျေးရွာအထိ လမ်းအခြေအနေ မကောင်းသော်လည်း လမ်းသင့်ပြီး အင်းမကျေးရွာအကျော် သရက်ကုန်းကျေးရွာအထိ လမ်းများတွင် ပျက်စီးမှုများနေပါကြောင်း၊ အင်းမအကျော် သရက်ကုန်းလမ်းပိုင်းတွင် ရွှံ့ဗွက်များထဲတွင် သွားနေရသည့်အတွက် မော်တော်ဆိုင်ကယ်တစ်စီး သွားလာနိုင်ရန် ခဲယဉ်းပါကြောင်း၊ လမ်းများသည် ပျက်စီးခြင်း၊ နွံပေါက်ခြင်း၊ ရေကျော်ခြင်းများကြောင့် မိုးရာသီတွင်သွားလာရေး အလွန်ခက်ခဲနေပါကြောင်း၊ အကျိုးပြုကျေးရွာ ၃၀ အိမ်ခြေပေါင်း ၂၇၀၀ နှင့် အကျိုးပြုလူဦးရေ ၁၅၀၀၀ ခန့်ရှိသည့် အိမ်မဲ မြို့နယ်အတွက် ဒုတိယပြည်သူအများဆုံး သုံးသည့်လမ်းဖြစ်ပါကြောင်း၊ လမ်းအဆုံးဖြစ်သည့် သရက်ကုန်း ကျေးရွာသည် တိုက်နယ်ကျေးရွာဖြစ်ပြီး တိုက်နယ်ဆေးရုံ၊ ရဲစခန်း၊ အ.ထ.က (ခွဲ) ကျောင်းများ များကြောင်းနှင့် လမ်းတစ်လျှောက်တွင်ရှိသည့် တခူးဆိပ်ကျေးရွာ အ.ထ.က၊ ရုံးတော အ.ထ.က ၊ ချောင်းဖျား အ.ထ.က (ခွဲ) ကျောင်း၊ ပနာသိမ်ကျောင်းစု အ.ထ.က (ခွဲ) ကျောင်းများသည် အိမ်မဲမြို့နယ်တွင် အောင်ချက်အများဆုံးကောင်းသည့် ကျောင်းများဖြစ်ကြောင်း၊ ကျောင်းသား/သူ ဆရာ/မများအများဆုံးသွားသည့် လမ်းလည်းဖြစ်ပါကြောင်း၊ သရက်ကုန်းကျေးရွာကတစ်ဆင့် ချောင်းကူး သွားလာမည်ဆိုပါက သီးကွင်းကျေးရွာ၊ ကုလားကုန်းကျေးရွာစသည့် ကျေးရွာများသို့ သွားလာနိုင်ပြီး မြို့ပတ်လမ်းသဖွယ်ဖြစ်နေသည့် ရာသီမရွေးသွားလာနိုင်သည့် လမ်းတစ်စင်း အမြန်လိုအပ်လျက် ရှိနေသည့်အတွက် ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။