(င)-ရခိုင်ပြည်နယ်(မင်းပြား-မြေပုံ)မြို့ရွာချင်းဆက်လမ်းအား ကြပ်စင်တံတား ဖွင့်လှစ်ပွဲအမီ ကတ္တရာလမ်း အပြီး ခင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ရခိုင်ပြည်နယ် မြေပုံနှင့်မင်းပြားတွင် မင်းပြားမြို့နယ်ကို ဆက်သွယ်သည့် မြို့ချင်းဆက်လမ်းသည် ၂၄ မိုင်နှင့် ၇ ဖာလုံရှိပါကြောင်း၊ လမ်းပေါ်တွင် ကျေးရွာပေါင်း ၂၀ ကျော်ရှိပါကြောင်း၊ မြေပုံက အခြား မြို့နယ်ကိုသွားမည့် တစ်ခုတည်းသော ထွက်ပေါက်လည်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်ကတည်းက ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခု ၉ မိုင် နှင့် ၅ ဖာလုံ ကတ္တရာလမ်းခင်းပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်လမ်းသည် ကျောက်ချောလမ်းအဖြစ် တည်ရှိနေပါကြောင်း၊ ကြပ်စင်မြစ်ကူးတံတားသည် အဆိုပါလမ်းပေါ်တွင် တည်ဆောက်နေသော တံတားဖြစ်ပါကြောင်း၊ ၎င်းတံတားပြီးစီးပါက မြေပုံမြို့မှ လူများသည် အခြားဒေသများကို အလွယ်တကူ စိတ်ချမ်းချမ်းသာသာဖြင့် သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းတံတားကို ၂၀၁၄-၁၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည်ပေ ၁၉၂၀ ပေ ရှိပါကြောင်း၊
ပြည်နယ်ဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်၍ အချိန်များစွာယူခဲ့ရပါကြောင်း၊ နောက်ပိုင်းတွင် ပြည်ထောင်စုဘတ်ဂျက်က ဝင်ပြီးကူသည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက် မည်ဟု လွှတ်တော်တွင် ဝန်ကြီးကတိပေးထားသည့်အတိုင်း လာမည့်နှစ်ဦးပိုင်းတွင် တံတားကို ဖွင့်လှစ်နိုင်မည်ကို သိရှိသည့်အတွက် မိမိတို့ ဒေသခံများက ဆောက်လုပ်ရေးဝန်ကြီးဌာနကို များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ မင်းပြား-မြေပုံလမ်းတွင် ကတ္တရာခင်းပေးပြီးသည့် အပိုင်းသည် သွားရ၊ လာရ အလွန်ကောင်းမွန်ပါကြောင်း၊ အခြားလမ်းပိုင်းများကိုလည်း ဖြစ်နိုင်စေရန်ရည်မျှော်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အမီ လွှတ်တော်တွင် မိမိတင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း၊
အဆိုပါတံတား၏ တောင်ဘက်မြေပုံမြို့အထွက်ဘက်သည် တံတားနှင့်နီးကပ်သည့် အပိုင်းဖြစ်၍ ပြင်ဆင်ထိန်းသိမ်းထားသည်မှာ ကောင်းမွန်ပါကြောင်း၊ ရှေ့ကိုဆက်သွားပါက ၎င်းထက်ပိုမိုဆိုးရွား သော လမ်းပိုင်းများစွာ ကျန်ရှိသေးပါကြောင်း၊ အဆိုပါတံတားကိုဖွင့်လှစ်သည့်အခါ ၎င်းလမ်းပိုင်း၏ ပျက်စီးနေမှုများကို ကောင်းမွန်စေရန်တင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ကို ရည်မျှော်ပြီး တင်ခဲ့ပါသော်လည်း ပါရှိလာခြင်း မရှိပါကြောင်း၊ ၎င်းလမ်းပိုင်းဆောင်ရွက်ရန်အတွက် နောင်လာမည့်နှစ်များတွင် မေးခွန်းတစ်ခုအနေဖြင့် ဆက်လက်မတင်ရစေရန် ရခိုင်ပြည်နယ် (မင်းပြား-မြေပုံ) မြို့ရွာချင်းဆက်လမ်းတွင် ကျန်ရှိသည့် ၁၅ မိုင် ၂ ဖာလုံအား ကြပ်စင်တံတား ဖွင့်လှစ်ပွဲအမီ ကတ္တရာလမ်း အပြီးခင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။