(ခ)-ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားအနီးပတ်ဝန်းကျင်တွင်ရှိနေသော ကုန်းဘောင်ခေတ် ဘုရင့်ဆွေတော် မျိုးတော်များ၏ အုတ်ဂူသင်္ချိုင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး သီပေါမင်းနှင့်မိဖုရား စုဘုရားလတ်တို့ကို အိန္ဒိယနိုင်ငံရတနာဂီရိသို့ ပို့ဆောင်ထားခဲ့ပါကြောင်း၊ သီပေါမင်းက ရတနာဂီရိတွင် နတ်ရွာစံခဲ့ပြီး စုဖုရားလတ်သည် ရန်ကုန်တွင် နတ်ရွာစံသည်မှာ ရွှေတိဂုံဘုရား၏ တောင်ဘက်တွင် ယနေ့အချိန်ထိ စုဖုရားလတ်၏ အုတ်ဂူရှိပါကြောင်း၊ သို့သော် လူသိသူသိနည်းပါးနေသော အချက်လေးတစ်ချက် ကျန်ရှိနေသေးပါကြောင်း၊ မန္တလေးမြို့ကို သိမ်းပိုက်ပြီးသည့်နောက် အင်္ဂလိပ်တို့က ၎င်းတို့ကိုပြန်လည်ပြီး ရန်ပြုနိုင်မည့်သူများကို ဖမ်းဆီးပြီး ရန်ကုန်မြို့နှင့် မြိတ်မြို့များသို့ ပို့ဆောင်ပြီးနောက် ၎င်းမြို့များတွင် နေအိမ်အကျယ်ချုပ်ဖြင့် ချထားပြီးနောက် စောင့်ကြည့်အကဲခတ်ခဲ့ပါကြောင်း၊ ထိုအချိန်မှစ၍ မင်းတုန်းမင်း၊ သီပေါမင်းစသည်တို့၏ ဆွေတော်မျိုးတော်များသည် အသက်တော်များကြီးရင့်ပြီး ရန်ကုန်မြို့နှင့်မြိတ်မြို့များတွင် ကံတော်ကုန်ခဲ့ကြပါကြောင်း၊ ၎င်းတို့၏ ဂူသင်္ချိုင်းများသည် ငါးထပ်ကြီးဘုရားအနီး တစ်ဝိုက်တွင် ရှိသည့်အတွက် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်မည့်သူမရှိသဖြင့် ဖြိုဖျက်ခြင်းခံရပြီး ပျောက်ကွယ် သွားခဲ့ရပါကြောင်း၊ ပျောက်ကွယ်သွားခဲ့သည့် အုတ်ဂူများက ညောင်ရမ်းထိပ်တင်ကလေး၊ ညောင်အုပ်ထိပ်ရှင်တင်ကလေး၊ မင်းပင်မင်းသားကြီး၊ သုံးဆယ်ထိပ်တင်ကလေး၊ သရစိမ်းမိဖုရားကြီး၊ လင်းပန်မိဖုရား၊ သက်ပန်မိဖုရား၊ ကောလင်းမင်းသား၊ ကျပင်းမင်းသား၊ ပြိုင်တန်းထိပ်ခေါင်တင်၊ နောင်မွန်ထိပ်တင်ကလေးစသည့် စုစုပေါင်းအုတ်ဂူ ၁၁ လုံးသည် လုံးဝမရှိတော့ပါကြောင်း၊ ယခုကျန်ရှိနေသည့် အုတ်ဂူများသည်လည်း အိမ်ကြိုအိမ်ကြားတွင် ရောက်ရှိနေပြီး မကြာမီပျောက်ကွယ် သွားမည်ကို စိုးရိမ်ရပါကြောင်း၊
မြန်မာ့မြေတွင် ကျရှုံးခဲ့ရသည့် မဟာမိတ်စစ်သင်္ချိုင်းများကို မြန်မာနိုင်ငံတွင် တစ်မြတ်တစ်နိုး ထိန်းသိမ်းထားပါကြောင်း၊ ဥပမာအားဖြင့် ထောက်ကြံ့စစ်သင်္ချိုင်းနှင့် သရက်မြို့က တူရကီစစ်သင်္ချိုင်းတို့ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလို မြန်မာတို့၏ ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော်များကို တန်ဖိုးထားသောအားဖြင့် ထိုအုတ်ဂူများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထိန်းသိမ်းစောင့်ရှောက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။