(ဆ)-သက်တမ်း ၅၆ နှစ်ကြာမြင့်နေပြီဖြစ်သော အ.မ.က (ကြူတော) ကျောင်းဆောင်ဟောင်းအား မွမ်းမံပြင်ဆင် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

သက်တမ်း ၅၆ နှစ်ကြာမြင့်နေပြီဖြစ်သော အ.မ.က(ကြူတော)ကျောင်းဆောင်ဟောင်းအား မွမ်းမံ ပြင်ဆင်ပေးရန်နှင့် ကျောင်းဆောင်စာသင်ခန်းနှင့် ကျောင်းသားဦးရေ လွတ်လပ်မျှတစွာတန်းခွဲစနစ်ဖြင့် သင်ကြားနိုင်ရေးအတွက် (၆၀ ပေ x ၃၀ ပေ)တိုးချဲ့ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ချထား ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ကြူတောအုပ်စုရှိ အခြေခံမူလတန်းကျောင်း ကြူတောသည် အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၅ ပေ၊ သစ်သားအုပ်ညှပ်တစ်ထပ် အဆောက်အဦ ဖြစ်ပါကြောင်း၊ ၁၉၆၂ ခုနှစ်တွင် ဝ.၅၅ ဧကရှိမြေကွက်ပေါ် တည်ဆောက်ပြီး လန ၃၉ ရရှိပြီးသော ပညာရေးဌာနပိုင် မြေကွက်လပ်လည်း ဖြစ်ပါကြောင်း၊ အ.မ.က ကြူတောကျောင်းဆောင်ကို ကျေးရွာမိဘပြည်သူများ၏ စုပေါင်းထည့်ဝင်ငွေ ၅၀၀၀ ကျပ်ဖြင့် တစ်ထပ် ကျောင်းဆောင်အဖြစ် ၁၉၆၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ကျောင်းဆောင်သက်တမ်းမှာ ၅၆ နှစ်ခန့် ကြာမြင့်ပြီး ဖြစ်သည့်အတွက် ကျောင်းဆောင်ဟောင်းသည် အုပ်နံရံများကွဲအက်ခြင်း၊ နံရံအင်္ဂတေများ ကွာကျခြင်း၊ အောက်ခြေအုပ်ခုံများ ပျက်စီးခြင်း၊ ယိုယွင်းပျက်စီးလာခြင်း၊ ကျောင်းဆောင်၏ ပြင်ပ တိုင်တချို့တွင် အောက်ခံကျင်တွယ်တိုင်မှ ဆွေးမြည့်ပြုတ်ထွက် တိမ်းစောင်းနေသည့်အတွက် ကြံ့ခိုင်မှု အားနည်းနေပြီး ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်နေသော ကျောင်းဆောင်ဟောင်း ဖြစ်ပါကြောင်း၊ ကျောင်းသား ဦးရေ ၁၁၀ စာသင်ကြားလျက်ရှိပြီး တန်းခွဲများနီးကပ်စွာ တစ်ဆက်တည်းရောထွေး သင်ကြားရသဖြင့် သင်ကြားခြင်းမှာ ထိရောက်မှုအားနည်းခြင်း၊ ထိန်းသိမ်းမှုခက်ခဲခြင်းနှင့် KG တန်း ကလေးငယ် ၁၅ ဦးမှာလည်း ၎င်းကျောင်းဆောင် အတွင်း၌သာ သင်ကြားနေရခြင်းကြောင့် သင်ကြားသင်ယူမှု ပြဿနာများ ပိုမိုရှုပ်ထွေးစေပြီး အဆင်မပြေမှုများကို ကြာမြင့်စွာရင်ဆိုင်ဖြေရှင်း သင်ကြားပို့ချနေရပါကြောင်း၊

ယခင်က ပညာရေးဌာနသို့ လေးကြိမ်ခန့် တင်ပြထားခဲ့ပြီး မိမိတို့ရောက်ရှိခဲ့ရာတွင်လည်း စစ်ဆေးကြည့်ရှုပြီး ထောက်ခံတင်ပြပေးခဲ့သည့်အတွက် ဦးစားပေးအဆင့် (၁) အဖြင့် သတ်မှတ်ဖော်ပြပေးခဲ့ပါကြောင်း၊ နှစ်ကြိမ်တိုင်ထောက်ခံ သဘောထားပြုခဲ့သော်လည်း ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ မေးမြန်းရခြင်း ဖြစ်ပါကြောင်းနှင့် ပြီးခဲ့သည့်နှစ်က ကိုယ်စားလှယ်များက ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များကို မြို့နယ်ပညာရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ပြန်လည်ချထားပေးရာတွင် အထူးပြုအစီအစဉ်အတိုင်း မဟုတ်ဘဲ သတ်မှတ်ခြင်းမရှိသည့် ကျောင်းများပါ ပါဝင်လာပါကြောင်း၊ ထို့ကြောင့် ၎င်း သတ်မှတ်ပေးသည့် အစီအစဉ်ကို စိစစ်အတည်ပြုရန်ဟု ပြန်ကြားခဲ့ပါကြောင်း၊ ယခုနှစ် KG ကျောင်းဆောင်များ ချထားပေးမှု သတ်မှတ်အစီအစဉ်သည်လည်း ယမန်နှစ်ကအတိုင်း ပါဝင်လာသည်ဟု သိရှိရသည့်အတွက် မြို့နယ်ပညာရေးဌာနသို့ မေးမြန်းရာတွင် တိုင်းဒေသကြီးမှ ချထားသတ်မှတ်ပေးထားခြင်း ဖြစ်သည်ဟု ပြန်ကြားပါကြောင်း၊

ထို့ကြောင့် အ.မ.က ကြူတောကျောင်းဆောင်ဟောင်းကို မွမ်းမံပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ကျောင်းဆောင်၊ စာသင်ခန်းနှင့် ကျောင်းသားဦးရေ၊ KG တန်းအပါအဝင် လွတ်လပ်မျှတစွာ တန်းခွဲစနစ်ဖြင့် သင်ကြားပို့ချ နိုင်ရေးအတွက် တိုးချဲ့ကျောင်းဆောင် သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။