(စ)-တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့အတွင်း၍ရှိ မိုးဗြဲဆည်(ခ)ဖယ်ခုံအင်း၏ အရှေ့ဘက်တွင် နေထိုင်သော ကျေးရွာများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးဗြဲဆည် (ခေါ်) ဖယ်ခုံအင်းဟာ ၁၉၆၈ ခုနှစ် ၁ လပိုင်းမှ ၁၉၇၁ ခုနှစ် ၉ လပိုင်းအထိ ၃ နှစ်ကျော်ကာလအတွင်း ဘီလူးချောင်းကို ရေကာတာတည်ဆောက်ရာမှ ဖြစ်ပေါ်လာသည့် အိမ်တစ်အိမ်ဖြစ်ပါကြောင်း၊ မိုးဗြဲရေကာတာမတည်ဆောက်မီ အချိန်က ဘီလူးချောင်း ဘေးတစ်ဘက်တစ်ချက်တွင် နန်းသုတ်ရွာ၊ စကွယ်ရွာ၊ ပါလိရွာ၊ ဈေးတန်းရွာ၊ ဘဝသိရွာ၊ လဟွဲရွာ၊ နောင်လိုင်ရွာစသည့် ရွာများသည် ဘီလူးချောင်းကို အမှီပြုပြီး လယ်ယာစိုက်ပျိုးရေး၊ ငါးမွေးမြူရေးစသည့် လုပ်ငန်းများဖြင့် အသက်မွေးဝမ်း နေထိုင်ခဲ့ကြပါကြောင်း၊ မိုးဗြဲဆည်တည်ဆောက်ပြီးနောက် စိုက်ပျိုးမြေ ဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ်ခံရသည့်အပြင် ဘီလူးချောင်းဘေးရှိ ကျေးရွာများသည် ရေမြုပ်ဧရိယာလွတ်ရာ အင်း၏အရှေ့ဘက်ကမ်းရှိ တောင်ကုန်း/တောင်စောင်းများအပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြရပါကြောင်း ထို့ကြောင့် ၎င်းရွာများသည် ယနေ့ထိတိုင် ဖွံ့ဖြိုးမှုနောက်ကျနေဆဲ ကျေးရွာများဖြစ်ပါကြောင်း၊
မိုးဗြဲဆည်တည်ဆောက်ရခြင်း ရည်ရွယ်ချက်ကို လေ့လာကြည့်သည့်အခါ (၁) အချက် ဆည်၏ အောက်ဘက် လယ်ဧက ၂ သောင်းကျော်ကို နွေ၊ မိုး၊ ဆောင်းရာသီမရွေးစိုက်ပျိုးနိုင်ရန်၊ (၂) အချက် ဘီလူးချောင်းရေကြီး ရေလျံမှုကို ကာကွယ်ပေးရန်အတွက်၊ (၃) အချက် လောပီတရေအားလျှပ်စစ် စက်ရုံ ၂၀ မီဂ္ဂါဝပ်ရှိသော စက်ငါးလုံးအတွက် တစ်နှစ်ပတ်လုံး လိုအပ်သောရေကို ထိန်းညှိဖြည့်ဆည်း ပေးရာတွင် အဓိကအရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် မိုးဗြဲဆည်ကို တည်ဆောက်ရခဲ့ကြောင်း လေ့လာသိရှိရပါသည်။
လောပိတရေအားလျှပ်စစ်စက်ရုံမှ မြန်မာပြည်အနှံ့ မဟာဓာတ်အားလိုင်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်ခဲ့သော်လည်း မိုးဗြဲဆည်တည်ဆောက် မှုကြောင့် ပြောင်းရွှေ့ခံခဲ့ရသော ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများတွင် ယနေ့အချိန်အထိ လျှပ်စစ်မီးခံစားခွင့် မရရှိသောကြောင့် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။