(ဃ)-မြန်မာနိုင်ငံတွင် ဖွင့်လှစ်သင်ကြားနေသည့် ပြည်တွင်းကျောင်းများ၊ ပြည်ပနိုင်ငံဆက်နွှယ်ကျောင်းများ စစ်မှန်မှုနှင့် ခွင့်ပြုသက်တမ်း ရှိ/မရှိကိုမည်သည့်ဌာနက စိစစ်ခွင့်ပြုပေးသည်နှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် ဖွင့်လှစ်သင်ကြားနေသည့် ပြည်တွင်းကျောင်းများ၊ ပြည်ပနိုင်ငံဆက်နွှယ်ကျောင်းများ စစ်မှန်မှုနှင့် ခွင့်ပြုသက်တမ်း ရှိ/မရှိကို မည်သည့်ဌာနက စိစစ်ခွင့်ပြုပေးပါသနည်း၊ ကောလိပ်၊ စင်တာ၊ သင်တန်း၊ Training, Institute School, Programme ဘွဲ့ကြိုသင်တန်းစသည့် အဆင့်သတ်မှတ်ချက်များကို မည်သို့ထားရှိပါသနည်း၊ ကျောင်းအဆင့်အတန်းနှင့် ၎င်းတို့ပေးသည့် ဘွဲ့လက်မှတ်များ Certificate ဘွဲ့၊ ဒီပလိုမာများကိုလည်း မည်သည့်ဌာနမှ အဆင့်အတန်း ပြည့်မီမှု ရှိ/မရှိ စိစစ်ပေး ပါသနည်း၊ ပြည်ပနိုင်ငံ ဆက်သွယ်ကျောင်းများမှ ပေးသည့် ဘွဲ့ကို ၎င်းနိုင်ငံရှိ ပင်မကျောင်း၊ တက္ကသိုလ်၊ ကောလိပ်များက အသိအမှတ် ပြုပေးခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် လက်မှတ်၊ ဘွဲ့၊ ဘွဲ့လွန်ပေးအပ်သည့် ကျောင်း၊ သင်တန်းများ များပြားပါကြောင်း၊ ယခင်အချိန်တွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်သာ တွေ့ရှိရပြီး လက်ရှိတွင် နယ်မြို့များအထိ ရောက်လာကြပါကြောင်း၊ ထိုသင်တန်းများ ရှိသည့်အတွက် အငြိမ်းစားဆရာ/မကြီးများလည်း အလုပ်ရ၊ ဝင်ငွေလည်းရ၊ စိတ်ဓာတ်လည်း မကျသည့်အတွက် ဝမ်းသာရပါကြောင်း၊ ဆရာ/မကြီးများကလည်း ၎င်းတို့၏ တပည့်များကို စစ်မှန်သည့် ပညာရပ်များ ရရှိစေလိုကြသည့် အတွက် ကျောင်းသားများကလည်း လက်မှတ်ရရုံမဟုတ်ဘဲ ရရှိသည့်လက်မှတ် မှန်ကန်ရန်၊ အသုံးကျရန်၊ အချိန်ကုန် ငွေပန်းမဖြစ်ရန်၊ အစမ်းသပ်ခံ မဖြစ်ရန် အရေးကြီးပါကြောင်း၊ စာအုပ် တစ်အုပ်ထဲတွင် ပါရှိသည့် ကျောင်းများကို ဥပမာဖြင့် ဖော်ပြသွားမည်ဖြစ်ပါကြောင်း၊ ဖော်ပြမထားသည့် ကျောင်းနှင့် သင်တန်းများလည်း များစွာရှိပါကြောင်း၊ ယခုတင်ပြသည့် ကျောင်းအားလုံးသည် မစစ်မှန်သည့်အတွက် ဖော်ပြခြင်း မဟုတ်ကြောင်းနှင့် စစ်မှန်သည့် ကျောင်းများကိုသာ အစိုးရဌာန၊ မိဘ၊ ကျောင်းသားများ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
လူမှုစာမျက်နှာ တစ်ခုပေါ်တွင် တွေ့ရှိရသည့် စာတမ်းလေးတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မဟုတ်ပါကြောင်း၊ တောင်အာဖရိကနိုင်ငံတွင် ဖြစ်ပါကြောင်း၊ “နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးပစ်ရန် အနုမြူဗုံးမလိုအပ်၊ တာဝေးပစ် ဒုံးကျည်များလည်းမလိုအပ်၊ ပညာရေးအဆင့်အတန်းကို နှိမ့်ချပစ်ရန်နှင့် စာမေးပွဲများတွင် ခိုးချခွင့်ပြုရန်သာ လိုအပ်သည်။ နိုင်ငံ၏ပညာရေး ကျဆင်း လာသည့်အခါ ဆရာဝန်များ လက်ထဲတွင် လူနာများသေဆုံးကြမည်။ အင်ဂျင်နီယာများ လက်ထဲတွင် တံတားများ၊ အဆောက်အဦများ ပြိုကျမည်။ စီးပွားရေးပညာရှင်များ စာရင်းကိုင်များ လက်ထဲတွင် ဒေဝါလီခံရမည်။” စသည်ဖြင့် ရေးသားထားကြောင်း၊ အဆိုပါကျောင်းများတွင် ပေးရသည့် သင်တန်းကြေးများသည် မနည်းပါးပါကြောင်း၊ လက်ရှိတွင် သင်တန်းကြေးသည် ၁၈ လအတွက် ၆၈ သိန်း ၄ သောင်း ခန့် ပေးရပါကြောင်း၊ အခြားသင်တန်း တစ်ခုကို ၁၂ လအတွက် ၄၅ သိန်းခန့် ပေးထားရသည်ကို တွေ့ရပါကြောင်း၊ ပညာရပ်မျိုးစုံဖြစ်ပါကြောင်း၊ Languages၊ နောက် Management၊ Environment နှင့် ပတ်သက်သည့် သင်တန်းများဖွင့်ထားခြင်း ဖြစ်ပါကြောင်း၊ ကောလိပ်ကျောင်းပေါင်း ၂၀၀၀ ကျော်ခန့်နှင့် ချိတ်ဆက်နိုင်ပါကြောင်း၊ နိုင်ငံ ၈၀ ခန့် သွားတက် နိုင်သည်ဟု ကြော်ငြာထားသည်ကိုလည်း တွေ့ရပါကြောင်း၊ Health၊ Science၊ ကျန်းမာရေးနှင့် ပတ်သက်သည့်များ၊ Business နှင့် ပတ်သက်သည့်များ၊ Engineering နှင့် ပတ်သက်သည့်များလည်း ပါပါကြောင်း၊ Education Diary and Guide for Everyone 2018-2019 ဆိုသည့် စာအုပ်တွင် ဖြစ်ပါသည်။ ဒီစာအုပ်တွင် မပါသော်လည်း တစ်ခြားလှစ်ဖွင့်နေသည့် သင်တန်းများလည်း အလွန်များသည့်အတွက် ပထမတင်ပြခဲ့သည့်အတိုင်း ကျောင်းအားလုံးကို မစစ်မမှန်သည့်အတွက် တင်ပြနေရခြင်းမျိုး မဟုတ်ပါကြောင်း၊ စစ်မှန်သည့်ကျောင်းများကို အစိုးရဌာန၊ မိဘ၊ ကျောင်းသားများ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန် လိုအပ်ပါကြောင်း၊ တက်ရောက်သည့် ကျောင်းသားများလည်း အချိန်ကုန်၊ ငွေပမ်းမဖြစ်စေရန်အတွက် စစ်စစ်မှန်မှန် ကျောင်းသားများ ရွေးချယ်နိုင်ရန် မေးမြန်းရခြင်း ဖြစ်ပါသည်။