(က)-နိုင်ငံတစ်ဝန်းလုံးတွင် နှစ်(၃၀) အငှားဖြင့်ချထားပေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကပေါင်း မည်မျှရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

နိုင်ငံတစ်ဝန်းလုံးတွင် နှစ်(၃၀) အငှားဖြင့်ချထားပေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကပေါင်း မည်မျှရှိပါသနည်း၊ ဥပဒေနှင့်အညီ ပြန်လည်သိမ်းယူခဲ့သော မြေဧကပေါင်း မည်မျှရှိပါသနည်း၊ ပြန်လည် သိမ်းယူပြီးသော မြေဧကများကို ဒေသခံပြည်သူများနှင့် မြေယာမဲ့တောင်သူများအတွက် မည်သို့ခွဲဝေ ချထားပေးမည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည်နှင့်အညီ လယ်ယာ၊ ဥယျာဉ်၊ ခြံမြေ၊ သစ်တောမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟူ၍ မြေယာပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း နိုင်ငံ၏အဓိကပြဿနာမှာ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများ၏လက်ထဲတွင် မြေယာများရှိမနေခြင်းပင် ဖြစ်ပါကြောင်း၊ အကြောင်းမှာ ယခင်ကာလက တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေများကို နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို အကြောင်းပြပြီး သိမ်းဆည်းခဲ့သည်များ ရှိသည့်အပြင် သစ်တောမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟူ၍ လယ်ယာများကို သိမ်းယူခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်၊ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက် စသည့် ဥပဒေများနှင့်အညီ လယ်ယာမြေများကို သိမ်းယူခဲ့ခြင်းမဟုတ်ပါကြောင်း၊ သိမ်းချင်သလို သိမ်းယူခဲ့ကြသောကြောင့် တောင်သူများမှာ လယ်ပိုင်ရှင်၊ ယာပိုင်ရှင်ဘဝမှ လယ်မဲ့၊ ယာမဲ့ လက်လုပ်လက်စားဘဝသို့ ရောက်ရှိနေကြသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ အချို့သော တောင်သူများမှာ ကိုယ့်လယ်ကိုယ့်ယာမြေပေါ်တွင် ထွန်ယက်စိုက်ပျိုး စားသောက်နေရင်း လယ်ယာမြေများ မတရားသိမ်းဆည်းခံရသည့်အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄၇၊ ပိုင်နက်ကျူးလွန်မှု ၄၂၇၊ အကျိုးဖျက်ဆီးမှု၊ သစ်တောဥပဒေ ပုဒ်မ ၄၀ ပုဒ်မခွဲ(က) မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ ပုဒ်မ ၂၇၊ ၂၈ တို့နှင့် တရားစွဲဆိုခံနေရပါကြောင်း၊ တောင်သူများအနေဖြင့် လယ်ယာမြေများကို မတရားသိမ်းဆည်းခံခဲ့ရ၍ စားစရာမရှိပါဆိုနေမှ တရားပါစွဲဆိုခံနေရသောအခါ ဒုက္ခမျိုးစုံခံစားနေရပြီး မိသားစုအလိုက် ဘဝပျက်သွားကြသည့် တောင်သူများစွာရှိပါကြောင်း၊

မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို မပြဋ္ဌာန်းမီကပင် နိုင်ငံပိုင်သစ်တောမြေများကို စိုက်ပျိုးမြေများအဖြစ် အသုံးပြုရန်ဟုဆိုကာ ပုဂ္ဂလိကလုပ်ငန်းရှင်များထံသို့ ဧက ထောင်၊ သောင်းချီပြီး လုပ်ပိုင်ခွင့်များ ချထားပေးခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၁၂ ခုနှစ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို ပြဋ္ဌာန်းပြီးသည့်အခါမှာလည်း မြေဧကပေါင်းမြောက်များစွာကို နှစ်(၃၀)အငှားဖြင့် လုပ်ပိုင်ခွင့်များ ထပ်မံချထားပေးခဲ့ပါကြောင်း၊ သို့သော်လည်း မြေယာများကို အငှားချထားပေးရာတွင် ဒေသခံတောင်သူများနှင့် မြေယာမဲ့တောင်သူလယ်သမားများကို ဦးစားပေးချထားခြင်းမရှိဘဲ လူပုဂ္ဂိုလ်အချို့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများကိုသာ လုပ်ပိုင်ခွင့်များ ချထားပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ နှစ်(၃၀)အငှားဖြင့် စိုက်ပျိုးလုပ်ပိုင်ခွင့်ပေးထားသော မြေယာများပေါ်တွင် အမှန်တကယ် စိုက်ပျိုးထားခြင်းရှိ/မရှိကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ ပုဒ်မ ၁၆ ပုဒ်မခွဲ(ခ)တွင် ပါရှိသည့် စတင်ခွင့်ပြုသည့်နေ့မှ လေးနှစ်အတွင်း အပြီးစိုက်ပျိုးရမည်ဟု ပြဋ္ဌာန်းထားသည့်အတိုင်း စိစစ်သင့်ပါကြောင်း၊ လက်တွေ့မြေပြင်မှာ မြေယာလက်ဦးမှုအနေဖြင့် ရယူထားသော မြေယာများပေါ်တွင် သတ်မှတ်ကာလဖြစ်သည့် လေးနှစ်ကျော်သည်အထိ စိုက်ပျိုးထားခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ အမှန်တကယ် စိုက်ပျိုးထားခြင်းမရှိသည့် မြေယာများကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ ပုဒ်မ ၂၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃)၊ (၄)တို့နှင့်အညီ ပြန်လည်သိမ်းယူရန်လိုပါကြောင်း၊ ဥပဒေနှင့်အညီ ပြန်လည်သိမ်းယူပြီးသည့် မြေယာများကို နိုင်ငံတစ်ဝန်းလုံးရှိ ဒေသခံတောင်သူများနှင့် လယ်ယာမြေသိမ်းဆည်းခံရ၍ မြေယာမဲ့သွားကြသည့် တောင်သူလယ်သမားများကို ဥပဒေနှင့်အညီ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိအောင် ခွဲဝေချထားပေးသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝန်းလုံးတွင် နှစ်(၃၀)အငှားဖြင့် ချထားပေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧကပေါင်း မည်မျှရှိကြောင်း၊ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိဘဲ မြေယာလက်ဦးမှုအနေဖြင့် ရယူထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည်သိမ်းယူခဲ့သော မြေဧကပေါင်း မည်မျှရှိကြောင်း နှင့် ပြန်လည်သိမ်းယူပြီးသော မြေဧကများကို ဒေသခံပြည်သူများနှင့် မြေယာမဲ့တောင်သူများအတွက် မည်သို့ခွဲဝေချထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။