(ဂ)-တောင်သူလယ်သမားများသည် Great Wall Tomorrow Hi-tech Agriculture Co.,Ltd. ၏ (GW-1 Hybrid Pearl Rice Seed) စပ် မျိုးစပါးမျိုးစေ့ကိုယူပြီး ပျိုးထောင်စိုက်ပျိုးခဲ့ရာ နစ်နာဆုံးရှုံးမှုများကို မည်သို့ ကုစားပေးမည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ဒီပဲယင်းမြို့နယ်၊ သရက်ကန်ကျေးရွာရှိ တောင်သူလယ်သမားများသည် ပြီးခဲ့သည်‌့ နွေစပါး စိုက်ပျိုးရာသီတွင် Great Wall Tomorrow Hi-tech Agriculture Co.,Ltd. ၏ (GW-1 Hybrid Pearl Rice Seed)စပ်မျိုးစပါးမျိုးစေ့ကိုယူပြီး ပျိုးထောင်စိုက်ပျိုးခဲ့ရာ မျိုးစေ့မှန်ကန်မှုမရှိ၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါသောကြောင်‌့ ကုမ္ပဏီကို မည်သို့အရေးယူဆောင်ရွက်ပြီး တောင်သူ လယ်သမားများ၏ နစ်နာဆုံးရှုံးမှုကို မည်သို့ကုစားပေးမည်ကိုသိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒီပဲယင်းမြို့နယ်၊ တည်တော၊ မိချောင်းအိုင်၊ သရက်ကန်ကျေးရွာများတွင် တောင်သူလယ်သမားများသည် ယခုနှစ် နွေစပါးရာသီ ပုလဲသွယ်စပ်မျိုး စပါးကိုဝယ်ယူပြီး ပျိုးထောင်စိုက်ပျိုး ခဲ့ကြပါကြောင်း၊ စိုက်ပျိုးရေးဌာန၏ ပညာပေးမှုနှင့် လယ်သမားများ၏ အတွေ့အကြုံတို့ ပေါင်းစပ်ပြီး စနစ်တကျ စိုက်ပျိုးခဲ့ကြပါကြောင်း၊ သို့သော်လည်း စပါးအပင်ပေါက်သည် ၅၀ ရာခိုင်နှုန်းခန့်သာ အပင်ပေါက်လာပြီး အပင်မညီညာခြင်း၊ အနှံထွက်ချိန်ညီညာမှုမရှိခြင်း၊ စပါးရင့်ချိန်သက်တမ်း မတူညီခြင်းစသည့် အခက်အခဲ ပြဿနာများကို တွေ့ရှိရသည့်အတွက်ကြောင့် စပါးအထွက်နှုန်းသိသိသာသာ လျော့ကျနိုင်သည်ကို သတိပြုမိသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်များအား အသိပေးအကြောင်း ကြားခဲ့ပါကြောင်း၊ ၂၆-၆-၂၀၁၈ ရက်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကလည်း လာရောက်စစ်ဆေး ကွင်းဆင်းခဲ့ပါကြောင်း၊ စပ်မျိုးစပါးမျိုးစေ့ မှန်ကန်မှုမရှိသည်ကိုလည်း တွေ့ခဲ့ရပါကြောင်း၊ စပါးမျိုးစေ့ကုမ္ပဏီဖြစ်သည့်  Great Wall Tomorrow Hi-tech Agriculture Co., Ltd. မှ တာဝန်ခံလည်း ရောက်ရှိလာပြီး လယ်သမားများနှင့် နစ်နာမှုကို ညှိနှိုင်းခဲ့ကြပါကြောင်း၊ မြို့နယ်မှ တာဝန်ရှိသူများနှင်‌့လည်း ဆက်လက်ညှိနှိုင်းပြီး လယ်သမားများ အမှန်တကယ် နစ်နာသည့်အတွက် နစ်နာကြေးတစ်ဧကကို ကျပ်တစ်သိန်းပေးမယ်လို့ ပြောပါတယ်။ သို့သော် လယ်သမားများက ကျေနပ်မှုမရှိသဖြင်‌့ ၆-၇-၂၀၁၈ ရက်နေ့တွင် သရက်ကန် ကျေးရွာတွင် တောင်သူလယ်သမား ၂၀ ခန့်ဖြင့် ရွှေဘိုမြို့နယ်မှ တောင်သူလယ်သမား ပူးပေါင်းအင်အား ၅၀ ကျော်တို့သည် ထိုက်တန်သည့် လျော်ကြေးရရန် မုံရွာမြို့တွင် စီတန်းလှည်‌့လည် ဆန္ဒပြခဲ့ကြပါကြောင်း၊ ကော်မတီမှ ညှိနှိုင်းနေစဉ်ကာလအတွင်း ဆန္ဒပြသည့်အတွက် နစ်နာကြေးမပေးကြောင်းကို ၂၀-၇-၂၀၁၈ ရက်နေ့တွင် အသိပေးခဲ့ပါကြောင်း၊ သို့သော် လယ်သမားများက စီးပွားရေးနှင်‌့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိသည့် စားသုံးသူရေးရာ ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာတာဝန် ရှိသူများအားလုံးကို အသိပေးပြီး နစ်နာကြေးရရန် ဆက်လက်လှုပ်ရှားခဲ့သဖြင့် ကုမ္ပဏီမှ တောင်သူ ၃၈၈ ဦး၏ ၁၃၉၂ ဧကကျော် ကို မျိုးဖိုးပါလျော်ပြီး တစ်ဧကကို တစ်သိန်းကျပ် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာဖြင့် ထောက်ပံ့ပေးခဲ့ပါကြောင်း၊

GW-1 အမှတ်တံဆိပ်ဖြင့် Great Wall Tomorrow Hi-tech ၏ တစ်ကီလိုဝန်အိတ်ပါ Great Wall International Co., Ltd. ၏ GW-1 အမှတ်တံဆိပ်နှင့် တစ်ကီလိုဝန်အိတ်ပါ ၎င်းအိတ်နှစ်အိတ်သည် ဆိုဒ်တူအရွယ်တူ၊ ပုံသဏ္ဌာန်တူ ဖြစ်ပါကြောင်း၊ တစ်ခုက လိပ်စာပါပြီး တစ်ခုက International လိပ်စာမပါပါကြောင်း၊ နောက် International တွင် ပုလဲသွယ်ဆိုသည့် မြန်မာစကားလုံးပါရှိခြင်း နောက်တစ်ခုက ကျောဘက်တွင် ဆက်သွယ်ရန်လိပ်စာပါခြင်းနှင့် မပါခြင်းခွဲထားပါကြောင်း၊ နောက်တစ်ခု ဘယ်ဘက်အခြမ်းတွင် GW-1 ဆိုသည့် အမှတ်တံဆိပ်က အတူတူဖြစ်ပါကြောင်း၊ ၎င်းကိစ္စမျိုးများကို တွေ့ရှိရသည့်အခါ Great Wall International ကုမ္ပဏီသည် နစ်နာသည့် တောင်သူများကို လာရောက်ပြီး ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်းလည်း မရှိသည့်အတွက် ကုမ္ပဏီက မှတ်ပုံတင်ထားသည့် ကုမ္ပဏီဟုတ်/မဟုတ် မိမိတို့ သိချင်ပါကြောင်း၊ နောက်တစ်ခုက မှတ်ပုံတင်မထားခဲ့ဘူး ဆိုလျှင်လည်း Great Wall International ကုမ္ပဏီကို မည်ကဲ့သို့ အရေးယူထားသနည်းဆိုသည်ကို သိချင်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံဆိုသည်မှာ ဆန်စပါးစိုက်ပျိုးမှုကို အားထားမှီခိုပြီး လုပ်ကိုင်စားသောက်နေသည့် တောင်သူလယ်သမား ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် နိုင်ငံဖြစ်ပါကြောင်း၊ တောင်သူလယ်သမားဘဝ ဆိုသည်မှာ စိုက်ပျိုးရာသီတစ်ရာသီ ထိခိုက်ပျက်စီးလျှင် ကြွေးတင်ပြီး မိသားစုစားဝတ်နေရေး၊ ကလေးငယ်များ၏ ပညာသင်ကြားရေး၊ ကျန်းမာရေးအစစအရာရာ အခက်အခဲ ဖြစ်သွားပါကြောင်း၊ သဘာဝဘေးဒဏ် အမျိုးမျိုးကိုလည်း အတွေ့အကြုံ ခံစားခဲ့ရဖူးပါကြောင်း၊ စပါးစစ်ပိုးဆိုသည်မှာလည်း နှစ်စဉ်တွေ့ကြုံ ခံစားနေရသည့်ဒုက္ခများ ဖြစ်သည့်အတွက်ကြောင်‌့ တောင်သူလယ်သမားများ အသုံးပြုနေသည့် မျိုးစပါး၊ မျိုးနှမ်းစသည့် မျိုးစေ့များနှင့်ပတ်သက်ပြီး မျိုးစေ့ဆိုင်ရာ ကျွမ်းကျင်မှု ကော်မတီများ ဖွဲ့စည်းပြီး မျိုးစေ့ကုမ္ပဏီများ၏ မျိုးစေ့ကိုသုတေသနပြု လေ့လာမှုဖြင်‌့ တောင်သူလယ်သမားများကို အသိပေးလမ်းညွှန်မှုများ ဆောင်ရွက်ထားသနည်းဆိုသည်ကို သိချင်ပါကြောင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးအစရှိသည့် ကုန်ပစ္စည်းများ ရောင်းချသည့် ပြည်တွင်း/ပ ကုမ္ပဏီများကို စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့မှ ဥပဒေနှင့်အညီ ကြီးကြပ်လမ်းညွှန် ပညာပေးခြင်းများ ဆောင်ရွက်ထားခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။