(ဃ)-သန္နီမြို့၊ မိုင်းယန်းရွာနှင့် လုံမောက်ကျေးရွာ ရေရရှိရေးအတွက် သဘာဝရေထွက်နေရာမှ ၎င်းကျေးရွာ များသို့ ရေသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သန္နီမြို့၊ မိုင်းယန်းရွာနှင့် လုံမောက်ကျေးရွာတွင် လူဦးရေ ၄၈၁ ဦးနှင့် အိမ်ခြေ ၁၃၂ အိမ်ရှိပြီး ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာမူလတန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲတို့ရှိပါကြောင်း၊ ကျေးရွာ၏ သောက်သုံးရေခက်ခဲမှုကြောင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အဝီစိတွင်းတစ်တွင်းကို ရွာလယ်တွင် တူးဖော်ပေးခဲ့သော်လည်း စက်သုံးဆီ အခက်အခဲကြောင့် နှစ်စဉ်မလည်ပတ်နိုင်ပါကြောင်း၊ ကျေးရွာမူလန်းကျောင်းသည် ရွာအဝင်တွင်ရှိပြီး ရွာနှင့်အလှမ်းဝေးပါကြောင်း၊ ကျောင်းကကလေးများအတွက် သောက်သုံးရေ အလွန်ခက်ခဲနေပါကြောင်း၊ ရွာဘုန်းတော်ကြီးကျောင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲအတွက်လည်း ခက်ခဲနေပါကြောင်း၊ ထို့အတွက် ရွာသား/သူများသည် တောင်အောက်ရှိ ရေတွင်းနှစ်တွင်းသို့ ခက်ခဲစွာ သွားရောက်ပြီး ခပ်ယူသုံးစွဲနေရပါကြောင်း၊ ရွာ၏အနောက်တောင်ဘက်တွင် ရေထွက်တစ်ခု ရှိပါကြောင်း၊ ရေထွက်နေရာကို မြို့မိမြို့ဖအချို့က သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြရာ ရေသွယ်တန်း ယူနိုင်ရန်အတွက် အဆင်ပြေမည့်နေရာတစ်နေရာကို တွေ့ရှိခဲ့ပါကြောင်း၊
သို့ဖြစ်ပါ၍ ကျေးရွာရေရရှိရေးအတွက် သဘာဝရေထွက်မှ မိုင်းယန်း၊ လုံမောက်ကျေးရွာကို ပိုက်များဖြင့် သွယ်တန်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရေသွယ်တန်းရန် ဖြစ်နိုင်ခြေရှိပါက ရေပိုက်သွယ်ယူရေး လုပ်ငန်းများ အရေးကြီးသည့် နေရာများတွင် ရေကန်ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။