(ဆ)-ချောင်းမ-ကနီကားလမ်းအား လမ်းဦးစီးဌာနမှ လမ်းအဆင့်မြှင့်တင်ရန် တိုးချဲ့ဖောက်လုပ်ခဲ့မှုနှင့် လမ်းမြေဧရိယာများ ထပ်မံတိုးချဲ့သတ်မှတ်ခဲ့မှုများတွင် လျော်ကြေး၊ နစ်နာကြေးများ ပေးလျော်နိုင်ရန် ဆောင်ရွက်ပေးခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ချောင်းမ-ကနီလမ်းသည် ၁၃ မိုင်ခန့်ရှည်လျားပြီး ယခင်က သစ်ထုတ်လုပ်ရေး လမ်းပိုင်းဖြစ်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် လမ်းဦးစီးမှ ၎င်းလမ်းပိုင်းကို လမ်းမြေချဲ့ရန်နှင့် လမ်းအဆင့် မြှင့်တင်ရန်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ခဲ့သည့် နေရာတွင် လယ်ယာမြေနှင့် နှစ်ရှည်သီးပင်များဖြစ်သည့် သနပ်ခါးပင်၊ ဆီး၊ ထန်းတို့ ပျက်စီးဆုံးရှုံးခဲ့ခြင်းများ ရှိပါကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့သော်လည်း လျော်ကြေး၊ နစ်နာကြေးများ ရရှိခဲ့ခြင်းမရှိပါကြောင်း၊ ၎င်းလမ်းပိုင်းနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ ၅ လပိုင်းတွင် လမ်းဦးစီးဌာနက လမ်းမြေဂရန်သတ်မှတ်ရန်နှင့် ဂရန်ရရှိရန်ဆိုပြီး လမ်းမြေတိုးချဲ့သတ်မှတ်ခြင်းများ ထပ်မံပြီး ဆောင်ရွက်ခဲ့ခြင်း ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်အခါ မူလတိုးချဲ့ပြီးလမ်း၏ ဘေးဝဲယာတွင် ပေ ၄၀၊ ၅၀ လေက် ထပ်မံတိုးချဲ့ပြီး လမ်းနယ်နိမိတ် ကျောက်တိုင်များ စိုက်ထူခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလို စိုက်ထူခဲ့သည်အတွက် ထပ်မံပြီး ဒေသခံများ၏ လယ်ယာမြေများနှင့် နှစ်ရှည်သီးပင်များ ဆုံးရှုံးရမလိုဖြစ်နေပါကြောင်း၊ ၎င်းအတွက် မေးမြန်းလိုသည်မှာ ချောင်းမ-ကနီကားလမ်းအား လမ်းဦးစီးဌာနမှ လမ်းအဆင့်မြှင့်တင်ရန် တိုးချဲ့ ဖောက်လုပ်ခဲ့မှုနှင့် လမ်းမြေဧရိယာများ ထပ်မံသတ်မှတ် တိုးချဲ့ခဲ့မှုများတွင် လျော်ကြေး၊ နစ်နာကြေးများ ပေးလျော်နိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။