(ခ)-၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများကို ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များ အပါအဝင် အခြားအမှတ်မီသော တက္ကသိုလ်များတွင် လစ်လပ်သွားသော နေရာတွင် လက်ခံခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများကို ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များအပါအဝင် အခြားအမှတ်မီသော တက္ကသိုလ်များတွင် ဝင်ခွင့်ရစာရင်း အတိုင်းကျောင်းမအပ်ဘဲ လစ်လပ်သွားသော အရေအတွက်နေရာတွင် လက်ခံခြင်းရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌတာဝန်ယူထားသည့်အတွက် ကော်မတီ၏ ကျောင်းသားမိဘများ၊ လွှတ်တော်ကိုယ်စားလှယ်များက အဆိုပါကိစ္စနှင့်ပတ်သက်၍ ပေးပို့လာသည့် တိုင်ကြားစာများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခြင်း၊ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခြင်း၊ လူကိုယ်တိုင်လာရောက် တွေ့ဆုံခြင်းများ ရှိနေပါကြောင်း၊ ၎င်းတို့အနက်မှ နိုင်ငံတော်အကြီးအကဲအဆင့်ဆင့်ကို လိပ်မူပြီး မိမိတို့ကော်မတီကို မိတ္တူပေးသည့်စာများလည်း ပါဝင်ပါကြောင်း၊ ဒီဇင်ဘာလမကုန်ခင် တက္ကသိုလ်များသည် ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ပါကြောင်း၊ ကာယကံရှင် ကျောင်းသားမိဘများ အချိန်မီပြင်ဆင်နိုင်အောင် စသည့်အချက်များကြောင့် မေးရခြင်းဖြစ်ပါသည်။
၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများကို ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်ငါးခု၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှစ်ခုတို့က အမှတ်အနည်းအများအလိုက် မိမိတို့တက္ကသိုလ်များကသာ ရွေးချယ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ၁၁ ခုကလည်း မိမိတို့အစီအစဉ်ဖြင့် လျှောက်လွှာခေါ်ယူ၍ ရွေးချယ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တချို့သော ကျောင်းသားများသည် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းများနှင့် ပညာရေးဝန်ကြီး ဌာနအောက်ရှိ ကျောင်းများကို လျှောက်ထားခဲ့ရာ တစ်ဦးတည်း နှစ်ကျောင်း/သုံးကျောင်း ဝင်ခွင့်ရနေသည်ကို တွေ့ရှိရပါကြောင်း၊ တချို့သောသူများသည် ပညာရေး ဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များသို့ ကျောင်းအပ်နှံပြီးကြောင်း တွေ့ရှိရသည့်အတွက် ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာ တက္ကသိုလ်များတွင် သတ်မှတ်အရည်အသွေးအောက် ၂၀၀ ပတ်ဝန်းကျင်ခန့် လျော့နည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါနေရာများတွင် ကျန်ရှိအမှတ်မီသော ကျောင်းသား/သူများကို လက်ခံပေးရန် အကြံပြုအပ်ပါကြောင်း၊ ၎င်းနေရာတွင် ကျန်ရှိကျောင်းသား အမျိုးအစားနှစ်မျိုး ရှိပါကြောင်း၊ ၎င်းမှာ အလျှောက်မှား၍ မည်သည့်တက္ကသိုလ်မှ ဝင်ခွင့်မရရှိသော ကျောင်းသား/သူများနှင့် ဝါသနာပါပြီး အမှတ်တစ်မှတ်/နှစ်မှတ်သာ နည်းသွား၍ ဝင်ခွင့်မရသည့်ကျောင်းသားဟူ၍ နှစ်မျိုးရှိပါကြောင်း၊ ပထမအမျိုးအစားကိုကြည့်မည်ဆိုပါက မိဘများက ယခင်နှစ်အဆက်ဆက် ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်များသည် ၅၁၀ ထက် မကျော်သည်ကိုကြည့်ပြီး ဆေးတက္ကသိုလ် တစ်ခုတည်းကိုသာ လျှောက်ထားကြသည့်အတွက်ကြောင့် ဖြစ်ရခြင်းလည်းဖြစ်ပါကြောင်း၊ မိမိတို့ ပြန်လည်သုံးသပ်မိသည်မှာ ၁၀ တန်းအောင်အမှတ်များ ပိုမိုမြင့်မားလာသည်ကို တွေ့ရှိရသကဲ့သို့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဆေးတက္ကသိုလ်တွင် လက်ခံသည့်အရေအတွက် လျော့နည်းလာခြင်းကြောင့် ဆိုသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အဆိုပါနှစ်လက်ခံသည့် အရေအတွက်က ၅၀၀ ဦး ခန့် ကွာဟနေသည်ကို တွေ့ရှိရပါကြောင်း၊
မိမိမြို့နယ်ဖြစ်သည့် ကျောက်ဆည်မြို့နယ်မှ ကျောင်းသား/သူတစ်ဦး၏မိဘက ၎င်းတို့၏သမီးသည် ၆ ဘာသာ ဂုဏ်ထူးဖြင့် ရမှတ်ပေါင်း ၅၁၂ မှတ်ထားသဖြင့် ဆေးတက္ကသိုလ်တစ်ခုတည်းကို လျှောက်ခဲ့ မိပါကြောင်း၊ မည်သည့်တက္ကသိုလ်မှ ဝင်ခွင့်မပါ၍ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်နှင့် ဆိုင်သည့် ကျန်းမာရေးလုပ်သားဦးစီးဌာနကို သွားရောက်မေးမြန်းသည့်အခါ ယင်းဌာနမှ တာဝန်ရှိသူများက ကျောင်းမအပ်သည့် နေရာများကို အစားထိုးရွေးချယ်ပေးရန် မရှိကြောင်း၊ ကျောင်းအပ်သူကိုသာ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း အဝေးသင်တက္ကသိုလ်ကိုသာ တက်ရန်ပြောကြားသဖြင့် မိမိထံရောက်ရှိ လာခြင်းဖြစ်ပါကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် ပညာရေးဝန်ကြီးဌာနက လက်ခံပေးသဖြင့် မန္တလေးရှိ နည်းပညာတက္ကသိုလ်တစ်ခုတွင် မိဘကအတင်းလိုက်အပ် ပေးထားသော်လည်း ကလေးမှဝါသနာမပါသဖြင့် ငိုယိုပြန်လာခဲ့ကြောင်း ဖုန်းဆက်အကြောင်းကြားပါသည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ အနေဖြင့်လည်း မည်သည့်တက္ကသိုလ်မှ ဝင်ခွင့်မရသည့် ကျောင်းသား/သူများကို အမှတ်အနည်း အများအလိုက် ပြန်လည်လက်ခံပေးနေပါကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များအနေဖြင့်လည်း လက်ခံပေးနိုင်ခြင်း ရှိ/မရှိနှင့် အရည်အချင်းရှိ လူငယ်များဝါသနာအလျောက် ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။