(ဂ)-ဦးရာဇ်မင်္ဂလာပန်းခြံနှင်‌့ ကလေးကစားကွင်းဟောင်း နေရာတွင် မြို့နယ်ထွေ/အုပ်မှ မြေနေရာငှားထားသော နေရာတို့ကို ချန်လှပ်၍ ကျန်မြေနေရာလွတ်များကို ဦးရာဇ်မင်္ဂလာ ကလေးကစားကွင်းအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ပုဏ္ဏားကျွန်းမြို့တွင် ကလေးကစားကွင်းအဖြစ် ယခုတည်ဆောက်လိုသည့် မြေနေရာတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် မြို့နယ်ထွေ/အုပ်ရုံးဟောင်းရှေ့သည် မြို့၏အလယ်ဖြစ်သည့်အတွက် ပွဲလမ်းသဘင်များနှင့် ဘတ်စကတ်ဘောကွင်း၊ ဘောလီဘောကွင်းများ ကျင်းပပြုလုပ် အသုံးပြုလာခဲ့သည့် အများပိုင်နေရာ ဖြစ်ပါကြောင်း၊ မြို့လယ်ကွင်းနေရာသည် အပိုင်တောင်းဆို ထားသည့်နေရာ မဟုတ်ပါကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတခေတ် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်ကြီးနိုင်လင်း လက်ထက်ဦးရာဇ်မင်္ဂလာပန်းခြံနှင်‌့ ကလေးကစားကွင်း ဆိုင်းဘုတ်တင်၍ ကလေးကစားစရာ ပစ္စည်းများ၊ ပန်းပင်များ၊ အရိပ်ရပင်များနှင်‌့ ဝေဝေဆာဆာ၊ ကလေးများ၊ မြို့သူမြို့သားများ အပန်းဖြေနေရာအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့သည့် နေရာဖြစ်ခဲ့ပါကြောင်း၊ ကွင်းအနီး၌လည်း မူကြိုကျောင်းဆောက်လုပ် ထားရှိသောကြောင့် ကလေးငယ်များ ပျော်ရွှင်စွာ ကစားခဲ့ကြသည့် နေရာလည်းဖြစ်ပါကြောင်း၊ နောက်ပိုင်းတွင် မြို့နယ်ထွေ/အုပ်မှ ကစားကွင်းနေရာကို မြေငှားဂရန်ပြုလုပ်ခဲ့ပြီး မြို့နယ်ထွေ/အုပ်ဝန်ထမ်း သက်သာဆိုင်အဖြစ် လက်ဖက်ရည်ဆိုင် နှစ်ဆိုင်နှင်‌့ ကုန်စုံဆိုင်များ ဆောက်လုပ်ခဲ့ကြသည်မှာ ကွင်း၏သုံးပုံတစ်ပုံခန့် ဆိုင်ခန်းများဖြစ်နေပြီး ကျန်သုံးပုံနှစ်ပုံ ခန့်မှာ လွင်ပြင်ကွက်လပ်အဖြစ် ယခုထိရှိနေပါကြောင်း၊

အဆိုပါကွင်းသည် ယခင်က မြို့လူထုပိုင်ကွင်း ဖြစ်ခဲ့သည့်အတွက် လက်ဖက်ရည်ဆိုင်နှစ်ဆိုင်နှင့် ကုန်စုံဆိုင်များကို ချန်လှပ်ထားခဲ့ပြီး ကျန်နေရာများတွင် မြို့နယ်ထွေ/အုပ်ဟောင်းနှင့် ကလေးကစားကွင်း အဖြစ် ယခုအစိုးရသစ်လက်ထက်တွင် တည်ဆောက်ပေးရန် မြို့သူမြို့သားများက တင်ပြတောင်းဆို နေကြပါကြောင်း၊ ပုဏ္ဏားကျွန်းမြို့သည် ကလေးကစားကွင်းမရှိသည့် မြို့ဖြစ်သည့်အတွက် အခြားမြို့ကြီးများကဲ့သို့ ကျယ်ကျယ်ဝန်းဝန်း မလိုအပ်ဘဲ ရှိသောနေရာအနည်းငယ်တွင် သင်‌့တော်သည့် ကလေးကစားစရာ ပစ္စည်းများဖြင့် တည်ဆောက်ပေးသင့်ပါကြောင်း၊ ထို့ကြောင့်ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မြို့လယ်တွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် မြို့သူမြို့သားများ ပိုင်ဖြစ်ခဲ့သော ဦးရာဇ်မင်္ဂလာ ပန်းခြံနှင်‌့ကလေးကစားကွင်းဟောင်းနေရာတွင် မြို့နယ်ထွေ/အုပ်မှ မြေနေရာငှားထားသော လက်ဖက်ရည်ဆိုင်နှစ်ဆိုင်နှင်‌့ ကုန်စုံဆိုင်များကို ချပ်လှပ်၍ ကျန်နေရာလွတ်များကို ဦးရာဇ်မင်္ဂလာ ကလေးကစားကွင်းအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည်‌့ဘဏ္ဍာ ရေးနှစ်တွင် တည်ဆောက်ပေးမည်၊ မရှိပါက မည်သည်‌့အတွက်ကြောင်‌့ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။