(ဃ)-၂၀၁၃ မှ ၁၈ အတွင်း အင်တာနက်အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ ငွေကြေး လုပ်ငန်းလိုင်စင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍ တိုင်ကြားလာသည့် အမှုပေါင်းမည်မျှ ရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-27

 

၂၀၁၃ မှ ၂၀၁၈  အတွင်း အင်တာနက်အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ ငွေကြေး လုပ်ငန်းလိုင်စင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူခြင်း၊ တရားမဝင်ငွေ စတော့ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့ တရားမဝင်ငွေကြေးများ လွှဲပြောင်းခြင်းစသည့် စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများနှင့်ပတ်သက်၍ တိုင်ကြားလာသည့် အမှုပေါင်းမည်မျှရှိပါ သနည်း၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူထားသည့် အမှုပေါင်း မည်မျှရှိပါသနည်းနှင့် ငွေကြေးဆိုင်ရာ လိမ်လည်မှုများ လျော့နည်းပပျောက်အောင် မည်ကဲ့သို့ ကြိုတင်ကာကွယ်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

၂၀၁၆ ခုနှစ်တွင် အက်ဒွဲလား Success Resort ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး ၎င်းကုမ္ပဏီ ဒါရိုက်တာလေးဦးသည် တရုတ်နိုင်ငံသားတစ်ဦးနှင့်အတူ ပူးပေါင်းပြီးမြန်မာနိုင်ငံ ရန်ကုန်မြို့ တိုက်-C အခန်း (၂) ပထမထပ် ရွှေဂုံတိုင်တာဝါ၊ ဗဟန်းမြို့နယ်တွင် ရုံးခန်းဖွင့်လှစ်ထားပြီး SME လုပ်ငန်းများ ပေါ်ထွန်းလာရေး၊ အလုပ်လက်မဲ့ လူတန်းစားများအား အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးစသည့် အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင် ပေးမည်ဟုဆိုပြီး မြန်မာနိုင်ငံတွင်းရှိ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်စသည့် မြို့နယ်အသီးသီးတွင် လိုက်လံစည်းရုံးဟောပြောပြီး လူပေါင်း ၁၀၀၀၀ ကျော်ထံမှ ငွေကြေး အမေရိကန်ဒေါ်လာ ၁၇၅ သိန်းခန့်ကို လိမ်လည်ရယူခဲ့ပါကြောင်း၊ လိမ်လည်မှုနည်းပုံစံမှာ ကုမ္ပဏီဆောင်ပုဒ်နှင့်အတူ မိမိတို့သည် မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင် ထားပြီဖြစ်ကြောင်း ငွေကြေးများကိုလည်း ပြည်တွင်းတွင်သာ ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ်များအား နှစ်လတစ်ကြိမ် ရှင်းထုတ်ပေးမည်ဟု ပြောကြားပြီး စာချုပ်စာတမ်းများနှင့်အတူ ချုပ်ဆိုစေခဲ့ပါကြောင်း၊ တစ်နှစ်ခန့်တွင် ငွေကြေးအကျိုးအမြတ်များ ထုတ်ပေးခြင်း မရှိဘဲ ၎င်းအက်ဒွဲလား Success ကုမ္ပဏီသည် ထည့်ဝင်ငွေအချို့အား တရုတ်နိုင်ငံသို့ လွှဲပြောင်းခဲ့သည်ကို သတင်းအတိအကျ ရရှိထားပါကြောင်း၊ ကချင်ပြည်နယ်တွင် လူဦးရေ ၅၀၀၀ ကျော်သည် အိမ်များပေါင်နှံခြင်း၊ ငွေတိုးများယူပြီး ထည့်ဝင်ခြင်းကြောင့် ဒုက္ခများရင်ဆိုင်ရပြီး အမှုဖွင့်ထားကြောင်းနှင့် တခြားမြို့နယ်များတွင်လည်း ၎င်းနည်းတူ အမှုဖွင့်ထားကြောင်း၊ ထို့ကြောင့် ၎င်းကဲ့သို့ နိုင်ငံနှင့်ပြည်သူများ၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် ကုမ္ပဏီမှတ်ပုံတင်ထားခြင်းကို အလွဲသုံးစားပြုလုပ်ပြီး စတော့ရှယ်ယာများခေါ်ယူခြင်း၊ ငွေကြေးလုပ်ငန်းများပြုလုပ်ခြင်း၊ သတ်မှတ်ထားသည့် စည်းကမ်းနှင့်မကိုက်ညီသော ကုမ္ပဏီများအား တည်ဆဲဥပဒေနှင့်အညီ ပြင်းထန်စွာအရေးယူ သင့်ပါကြောင်းနှင့် မြန်မာနိုင်ငံတွင်း ပြည်သူများမထိခိုက်စေရန်အတွက် အက်ဒွဲလား Success ကဲ့သို့သော ကုမ္ပဏီများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူပြီး နောင်တွင် မပေါ်ပေါက်စေရန်အတွက် စံနမူနာအဖြစ် အပြစ်ပေးသင့်ပါကြောင်းနှင့် မည်ကဲ့သို့ဆောင်ရွက် နေသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။