(င)-တန့်ယန်းမြို့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ ရဲဝန်ထမ်းအိမ်ရာ(၅)လုံးအား ပယ်ဖျက်ပြီး RC ကွန်ကရစ်ဖြင့် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
တန့်ယန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းဝင်းထဲတွင် ရဲဝန်ထမ်းမိသားစု ၄၄ စုနေထိုင်လျက်ရှိပြီး ၎င်းတို့အတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခဲ့ရာ နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ ဟောင်းနွမ်းယိုင်နဲ့ပြီး ရဲဝန်ထမ်းများမှာ ရှမ်းပြည်နယ်၏ ဆောင်းတွင်းအအေးဒဏ်ကို အံတုရန် ဖြစ်သလိုဖာထေး ပြုပြင်နေထိုင် နေရသည်မှာ မြင်လို့မကောင်းပါကြောင်း၊ မြို့နယ်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို အားကြိုးမာန်တက် ဆောင်ရွက်ရမည့် ရဲဝန်ထမ်းများမှာလည်း စိတ်ဓာတ်အားဖြင့် သိမ်ငယ်စရာ ဖြစ်နေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါအဆောက်အဦများကို အဆင့်မြင့်တည်ဆောက်ပေးရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ၂၉-၆-၂၀၁၇ နေ့စွဲပါ စာအမှတ် ၁၈၅ (၂၀၇/၉၀၇) ၁၀၀၃ ဖြင့် သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြလျှောက်ထားပြီး ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့၊ ရဲတပ်ဖွဲ့ဝင်းစခန်းအတွင်းရှိ ရဲဝန်ထမ်းအိမ်ရာငါးလုံးအား ပယ်ဖျက်ပြီး RC ကွန်ကရစ်ဖြင့် ပြန်လည်တည်ဆောက်ပေးရန် လျာထားဆောင်ရွက်နိုင်ခြင်း ရှိ/မရှိနှင့် မရှိသေးပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။