(က)-မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို ပြည်သူများ သိရှိလိုက်နာနိုင်ရေး အသိပညာ ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

မြန်မာနိုင်ငံတွင် ၂၉-၆-၂၀၁၈ ရက်နေ့ထိ ပြဋ္ဌာန်းဥပဒေပေါင်းက ၃၉၇ ခုရှိပြီး ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လပေါင်း ၃၀ အစီရင်ခံစာအရ ဥပဒေ ၇၁ ခုရှိသည့်အတွက် ယခု မိမိတို့ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းဥပဒေပေါင်းက ၄၆၈ ခုရှိပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံကို ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းအဖြစ် ထူထောင်ချင်လျှင် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများ၊ နိုင်ငံအတွင်း ပြဋ္ဌာန်းဥပဒေများကိုသိရှိပြီး လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားများက ဥပဒေကိုသိရှိပြီး လေးစားလိုက်နာရန်အတွက် နိုင်ငံတော်အစိုးရများတွင် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရဆိုသည့်နေရာတွင်လည်း နိုင်ငံတော်အစိုးရ၏ လက်အောက်ခံဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီးသီးကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ လက်အောက်ခံဌာနနှင့် ဦးစီးဌာနများက မိမိတို့ဌာနက တာဝန်ယူကျင့်သုံးသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ညွှန်ကြားချက်များကို ပြည်သူများက အသိပညာပေးခြင်း၊ မိမိတို့ဌာနက ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ပြည်သူများက အသိပညာပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် တိုးတက်သည့် မီဒီယာခေတ်နှင့်အညီ နည်းပေါင်းစုံဖြင့်လည်း ပြည်သူများကို ဥပဒေအသိပညာ ပေးနိုင်ပါကြောင်း၊

ဤမေးခွန်းကို မေးသည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့တော်များတွင် နေ့ခင်းကြောင်တောင် ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့အင်အားက ၇၀၀၀၀ ကျော်သာရှိပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြည်သူ ၁၃၀၀ ကို တာဝန်ယူ စောင့်ကြည့်နေရပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်အင်အားနည်းသဖြင့် တရားလွှတ်တော်ရှေ့နေ ဆရာဦးကိုနီ၏ လူသတ်မှုတွင် တာဝန်သိ ပြည်သူတစ်ဦးဖြစ်သည့် ဦးနေဝင်းက တရားခံကို ဖမ်းပေးရသည်ဆိုတာကို ပြည်သူများအသိပင် ဖြစ်ပါကြောင်း၊

ထို့ကြောင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြစ်ဒဏ်အားဖြင့် မည်ကဲ့သို့ရှိကြောင်း သိရှိမည်ဆိုပါက မူးယစ်ဆေးဝါးမှု၊ လျှော့နည်းပြီး ပပျောက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသမီးတစ်ဦးကို မည်ကဲ့သ့ိုပြုလုပ်လျှင် ယင်းပြစ်မှု၏ ပြစ်ဒဏ်များကို သိရှိလျှင် မုဒိမ်းမှုနှင့်အမျိုးသမီးများ အကြမ်းဖက်ခံရမှု လျော့နည်းပပျောက် သွားမည်ဖြစ်ပါကြောင်းနှင့် လူတစ်ယောက်ကို မည်ကဲ့သို့ပြုလုပ်လျှင် နာကျင်မှုမြောက်ပြီး မည်သို့ပြုလုပ်လျှင် လူသတ်မှုမြောက်ကြောင်း ပြစ်မှုနှင့်ပြစ်ဒဏ်များကို သိရှိမည်ဆိုလျှင် အုပ်စုလိုက်ရိုက်ပွဲများ၊ လူသတ်မှုများ လျော့နည်းပပျောက် သွားမည်ဖြစ်ပါကြောင်း၊ ယခုလိုပြည်သူများကို ဥပဒေအသိပညာပေးခြင်းဖြင့် ပြည်သူများက ဥပဒေ၏ကောင်းကျိုးဆိုးဖြင့် ဥပဒေ၏အတိမ်အနက်ကို သိရှိပြီး နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးမှု ရှိလာမည်ဟု ယုံကြည်ပါကြောင်း၊

မိမိတို့ တရားရေးလောကတွင် ဆိုရိုးစကားတစ်ခုရှိပါကြောင်း၊ ၎င်းသည် ဥပဒေကို မသိသဖြင့် ကျူးလွန်မိပါသည်ဆိုပြီး ခုခံချေပချက်အပေါ် ဥပဒေကကင်းလွတ်ပေးမည် မဟုတ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတော်အတွင်း ဥပဒေအထောက်အကူ ပြုရေးအဖွဲ့များ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များ ပေါ်ပေါက်လာပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို ပြည်သူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။