(ခ)-ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်ရေဝပ်ဧရိယာတွင် ပါဝင်သိမ်းဆည်းခံခဲ့ရသော တောင်သူ များအား အခြားတောင်သူများနည်းတူ နိုင်ငံတော်မှ လယ်ယာမြေထောက်ပံ့ကြေးနှင့် သီးနှံလျော်ကြေး များပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ဒက္ခိဏသီရိမဲဆန္ဒနယ်ရှိ ရန်အောင်မြင်ဆည်ကို ၂၀၀၁-၀၂ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၃-၀၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး ခဲ့ပါကြောင်း၊ ရေဆင်းဧရိယာ ၁၁ စတုရန်းမိုင်၊ ရေလှောင်ပမာဏ ၁၀၅၀၀၀ ဧကပေ၊ ကန်ရေပြည့် ရေပြင် အကျယ် ၈၁၀ ဧက၊ ဆည်ရေသောက်စီမံကိန်း ဧရိယာ ၃၀၀၀ ဧက ဖြစ်ပါကြောင်း၊ ၃-၄-၂၀၁၇ ရက်နေ့မှစ၍ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ယခုအခါ ရန်အောင်မြင်ဆည်မှ တောင်သူများအတွက် စိုက်ပျိုးရေပေးဝေမှုမရှိတော့ဘဲ နေပြည်တော်မြို့ပြအတွက် သောက်သုံးရေများပေးဝေလျက် ရှိပါကြောင်း၊ ဆည်ရေနစ်မြုပ်မှုမရှိသည့် လယ်ယာမြေများအတွက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ၁၇-၁-၂၀၁၄ ရက်နေ့တွင် လယ် ၉၃.၄၉၁ ဧကအတွက် ထောက်ပံ့ကြေးနှင့် သီးနှံ လျော်ကြး စုစုပေါင်း ၁၀၂. ၁၄၅၅ ကျပ်သန်းကို လည်းကောင်း၊ ၁၁-၃-၂၀၁၄ ရက်နေ့တွင် လယ်ယာ ၄၇၀.၈၀ ဧကအတွက် ထောက်ပံ့ကြေးနှင့် သီးနှံလျော်ကြေး စုစုပေါင်း ၄၉၂.၄၉၈၅ ကျပ်သန်းကို လည်းကောင်း သက်ဆိုင်ရာတောင်သူများအား ပေးလျော်ထောက်ပံ့ခဲ့ပြီး ဆည်ရေနစ်မြုပ်မှုရှိနေသည့် လယ်ယာမြေများအတွက် ပေးလျော်ထောက်ပံ့ခဲ့မှု မရှိခဲ့ပါကြောင်း၊ ရေဝပ်ဧရိယာတွင် ပါဝင် သိမ်းဆည်းခံခဲ့ရသော တောင်သူများကလည်း အခြားတောင်သူများနည်းတူ နိုင်ငံတော်မှ လယ်ယာမြေ ထောက်ပံ့ကြေးနှင့် သီးနှံလျော်ကြေးများ မျှော်လင့်လိုလားနေကြပါကြောင်း၊

သို့ဖြစ်ပါ၍ ရန်အောင်မြင်ဆည် ရေဝပ်ဧရိယာအတွင်း ပါဝင်သိမ်းဆည်းခံခဲ့ရသော တောင်သူများအား အခြားတောင်သူများနည်းတူ နိုင်ငံတော်မှ လယ်ယာမြေထောက်ပံ့ကြေးနှင့် သီးနှံလျော်ကြေး များပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိပါက အဘယ်ကြောင့်နည်း၊  ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင်  ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။