(စ)-မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့ပတ်ဝန်းကျင်ကျေးရွာများ၊ လုံပုံ၊ ကာအိမ်နှင့် ဘော(၁)ပတ်ဝန်းကျင် ကျေးရွာများရှိ ပြည်သူများ (Data)အသုံးပြုနိုင်သော ဆက်သွယ်ရေးလိုင်းများအသုံးပြုနိုင်ရန်ဆက်သွယ်ရေးတာဝါတိုင်စခန်းများ တည်ဆောက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့ပတ်ဝန်းကျင်ကျေးရွာများ၊ လုံပုံပတ်ဝန်းကျင်ကျေးရွာများ၊ ကာအိမ် ပတ်ဝန်းကျင်ကျေးရွာများ၊ ဘော(၁)ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများ (Data)အသုံးပြုနိုင်သော ဆက်သွယ်ရေးလိုင်းများ အသုံးပြုနိုင်ရေးအတွက် ဆက်သွယ်ရေးတာဝါတိုင်စခန်းများ တည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ပြည်နယ်တစ်ခု ဖြစ်သည်မှာ အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိခြင်း၊ Data အသုံးပြုနိုင်သည့် ဆက်သွယ်ရေးလိုင်းသည် မြန်မာနိုင်ငံတွင် ၅၃ ရာခိုင်နှုန်းဖြင့် အနိမ့်ကျဆုံးသော ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင်ရှိသည့် အချို့ကျေးရွာများက ကမ္ဘာ့ရွာကြီးထဲတွင် မရှိဘဲ ကမ္ဘာ့ရွာ အပြင်ဘက်တွင် ကျန်နေခဲ့သည်ဟု ထင်မြင်ယူဆကြပါကြောင်း၊ ထို့ကြောင့် မကွီအိမ်နူးမြို့သည် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝလေးမြို့နယ်၏ အဆုံတွင်ရှိပြီး တာဝါတိုင်များ တည်ဆောက်လိုက်မည်ဆိုလျှင် မကွီအိမ်နူမြို့တင်မကဘဲ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝမှ အစွန်အဖျားတွင်ရှိသည့် ကျေးရွာများပါ အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ ကျွံနံကြံနံလုံပုံတွင် တာဝါတိုင် တည်ဆောက်ပေးလိုက်လျှင်လည်း ၎င်း ကျေးရွာများအပြင် မတူပီမြို့နယ်၏ အစွန်အဖျား ကျေးရွာများပါ အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ ထိုမျှမက အောက်ချိုင်၊ ရိုးဖောင်၊ ခင်ဖောင်၊ ချွင်ထီ၊ ကာအိမ်နေရာများတွင်လည်း တာဝါတိုင်များ တည်ဆောက်ပေးမည်ဆိုလျှင်လည်း အဆိုပါ ကျေးရွာများနှင့် ထိစပ်နေသည့် မတူပီမြို့နယ်ရှိ၊ အစွန်အဖျားကျေးရွာများပါ အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အောက်လောင်းပန်း၊ ဝီလူး၊ လုံပုံ တာဝါတိုင်တည်ဆောက် ပေးလိုက်မည် ဆိုပါကလည်း အခြားသောကျေးရွာများနှင့် ထိစပ်နေသည့် မတူပီမြို့နယ်၊ ထီလင်းမြို့နယ်တွင်ရှိသည့် အစွန်အဖျားကျေးရွာများပါ အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ ထို့နောက် အုန်းချိုင်၊ ခူလူး၊ အနီးအတဝိုက်ရှိ ကြာလေလိုင်းစသည့် ကျေးရွာများတွင် တာဝါတိုင်များတည်ဆောက် ပေးမည်ဆိုလျှင် ၎င်းတို့နှင့်ထိစပ်နေသည့် ကန်ပက်လက် မြို့နယ်ရှိ ပြည်သူများပါ အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို တည်ဆောက်ပေးလိုက်မည်ဆိုပါက မင်းတပ်မြို့နယ် တစ်မြို့နယ်တည်း မဟုတ်ဘဲ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ ထီးလင်းစသည့် အစွန်အဖျားရှိ ကျေးရွာများပါမကျန် အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်ပါကြောင်း၊
မိမိတို့ချင်းပြည်နယ်သည် တောင်ကုန်း၊ တောင်တန်းထူထပ်သည့် အတွက်ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တာဝါတိုင်များ တည်ဆောက်ပေးရန် အခက်အခဲများ ရှိသည်ကိုလည်း နားလည်ပါကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေးကုမ္ပဏီများကလည်း ယခုလို ဖွံ့ဖြိုးမှုနည်းပါးသည့် တောင်ကုန်း/တောင်တန်း ထူထပ်သည့် နေရာများတွင် တာဝါတိုင်များ တည်ဆောက်မည်ဆိုပါက ပထဝီလွှမ်းခြုံမှုကို ဦးစားမပေးဘဲ လူဦးရေလွှမ်းခြုံမှုအပေါ် မူတည်ပြီး တည်ဆောက်သည့်အတွက် မြို့ကြီးပြကြီး နေရာများတွင် တည်ဆောက်ပေးသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကိစ္စများကို ကျော်လွှားနိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ဆက်သွယ်ရေး ကုမ္ပဏီကြီးများမှ ထည့်ဝင်ထားသော Universal Service Funds ဆိုသည့် USF Fund မှ ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် Fund တစ်ခု တည်ဆောက်ထားခြင်း ရှိပါကြောင်း၊ ၎င်း USF Fund ထဲမှ မိမိတို့၏ ကျေးရွာများကို၊ ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းရင်းသားများ၏ ကျေးရွာများကို လုပ်ကိုင်ဆောင်ရွက်ပေးလျှင် အလွန်မှသင့်တော်သည့် အရာတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးမှုနည်းပါးသော ဘဝကိုမြှင့်တင်နိုင်ရန်အတွက် သော်လည်းကောင်း၊ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ရင်းဖြင့် နိုင်ငံ့ဝန်ထမ်းများက အချိန်နှင့်တစ်ပြေးညီ တိုင်းပြည်တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက်လည်းကောင်း၊ တိုင်းရင်းသားများ၏ အမျိုးမျိုးသော အကြောင်းကြောင်းကြောင့် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံတကာတွင် မိမိတို့၏ ချင်းတိုင်းရင်းသားများ နေထိုင်လျှက် ရှိကြပါကြောင်း၊ ၎င်းချင်းတိုင်းရင်းသားများက မိမိဆွေမျိုးသားချင်းများနှင့် ထိတွေ့နိုင်ရန်အတွက် Data အသုံးပြုနိုင်သည့် တာဝါတိုင်များ လိုအပ်လျက် ရှိပါကြောင်း၊ ထို့ကြောင့် တာဝါတိုင်တည်ဆောက် ပေးမည်ဆိုပါက ပျော်ရွှင်ဝမ်းမြောက်မည် ဖြစ်ပါသောကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းပါသည်။