(င)-လှိုင်သာယာမြို့နယ်ရှိ မီးရတားဘူတာရပ်ဝန်းဧရိယာအတွင်း စီမံကိန်းများမည်သို့ ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လှိုင်သာယာ-ဟင်္သာတ မီးရထားလမ်းဖောက်လုပ်ရာတွင် လှိုင်သာယာမီးရထားဘူတာ စီမံကိန်း ဆောင်ရွက်ရန်အတွက် လှိုင်သာယာမြို့နယ် လယ်သမားများထံမှ လယ်မြေဧက ၁၂၀ ခန့်နှင့် ထန်းတပင်မြို့နယ် လယ်သမားများထံမှ လယ်မြေ ၂၄ ဧကခန့် စုစုပေါင်းဧက ၁၄၀ ကျော်ကို သိမ်းယူပြီး မီးရထားဘူတာ စီမံကိန်းကို ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်က နိုင်ငံ့ဘဏ္ဍာ ၁၈ ဘီလီယံကျော် အကုန်အကျခံ သုံးစွဲပြီးစီမံကိန်း ဆောင်ရွက်ခဲ့ပါကြောင်း၊ စနစ်တကျ စီမံကိန်းချမှတ် ဆောင်ရွက်ခြင်း မရှိသော လှိုင်သာယာ-ဟင်္သာတမီးရထားလမ်းကို ၂၄-၅-၂၀၁၄ ရက်နေ့က စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ပြီး ၁၀-၁-၂၀၁၆ ရက်နေ့တွင် စီမံကိန်းမအောင်မြင်ဘဲ နိုင်ငံံ့ဘဏ္ဍာဆုံးရှုံးမှုများစွာနှင့် ရပ်ဆိုင်းထာပြီး ယနေ့အချိန်အထိ မည်သည့်စီမံကိန်းကိုမျှ ဆက်လက်ဆောင်ရွက်ခြင်း မရှိပါကြောင်း၊ လှိုင်သာယာ-ဟင်္သာတ မီးရထားလမ်းကို ပြုပြင်တည်ဆောက်ပြီး ရထားပြန်လည်ပြေးဆွဲရန် အစီအစဉ် မရှိသေးကြောင်းကို ပြည်ထောင်စုဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့ပါကြောင်း၊ လယ်ယာမြေများကို သိမ်းဆည်းပြီး မီးရထားဘူတာစီမံကိန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းလယ်ယာမြေများလည်း ယနေ့အချိန်အထိ စိုက်ပျိုး၍မရရှိပါကြောင်း၊ သိမ်းဆည်းခံလယ်သမား များကိုလည်း နစ်နာကြေးလျော်ကြေး ယနေ့အချိန်အထိ ပေးချေခြင်းလည်း မရှိသေးပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသော မော်တော်ယာဉ်ငယ်များ သက်တမ်းတိုးခြင်း၊ ယာဉ်မှတ်ပုံတင်အသစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို သန်လျင်၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ မြင်သာ၊ အင်းစိန်၊ ခရိုင်ရုံးလေးရုံးသာ ဆောင်ရွက်ပေးပြီး မော်တော်ယာဉ်ကြီးများ ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်သက်တမ်းတိုးခြင်း၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း လုပ်ငန်းများကို ရွာသာကြီး ရုံးတစ်ရုံးတည်းတွင်သာ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မော်တော်ယာဉ်မောင်း လိုင်စင်အတွက် စစ်ဆေးဖြေဆိုရာတွင်လည်း ရွာသာကြီးရုံးနှင့် တောင်ဥက္ကလာ မြင်သာရုံးတွင်သာ ဆောင်ရွက်ပေးပါကြောင်း၊ မော်တော်ယာဉ်များ မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရန် မော်တော်ယာဉ်များကို ရုံးဝင်းပြင်ပတွင် အချိန်များစွာ တန်းစီစောင့်ဆိုင်းရသည့်အတွက် မလိုလားအပ်သော ပြဿနာများလည်း ဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် ရန်ကုန်မြို့တော်တွင် မော်တော်ယာဉ်ပေါင်း မြောက်မြားစွာ ဖြစ်နေပါကြောင်း၊ ပြည်သူများ မော်တော်ယာဉ်မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယာဉ်လိုင်စင်ဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် လှိုင်သာယာမြို့နယ် မီးရတားဘူတာရပ်ဝန်း ဧရိယာအတွင်း ပြည်သူများအကျိုးရှိစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျသင်ကြားပေးသော နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်မောင်း အတက်သင်ကျောင်း၊ မော်တော်ယာဉ်မောင်း လေ့ကျင့်ရေးကွင်းအဖြစ် လည်းကောင်း၊ မော်တော်ယာဉ်မောင်း အကြီးအငယ်များ ယာဉ်သက်တမ်းတိုးခြင်း၊ ယာဉ်မှန်/မမှန် စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက်ပေးခြင်း မရှိနိုင်ပါက မီးရထားဘူတာ ရပ်ဝန်းဧရိယာအတွင်း မည်သည့်စီမံကိန်းများ ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။