(ဃ)-ပွင့်ဖြူမြို့နယ်၊ မင်းမြေကွက်သစ်ကျေးရွာ၊ ရွာထောင်ကျေးရွာနှင့် မရိုးကုန်းကျေးရွာတို့အား မုန်းချောင်း ကမ်းပါးပဲ့ခြင်းမှ အမြန်ဆုံးကာကွယ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ချင်းပြည်နယ်မှ မြစ်ဖျားခံပြီး စေတုတ္တရာမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်ကို ဖြတ်သန်းစီးဆင်းသော မုန်းချောင်းသည် မိုင်အားဖြင့် ၁၉၆ မိုင် ခန့်ရှည်လျားပြီး ဧရာဝတီမြစ်ထဲသို့ စီးဝင်သောချောင်းတစ်ချောင်း ဖြစ်ပါကြောင်း၊ ချောင်းဟုခေါ်သော်လည်း မြစ်ငယ်တစ်ခုကဲ့သို့ ရေအားကောင်းသော ချောင်းတစ်ချောင်း ဖြစ်သည့်အပြင် ပွင့်ဖြူမြို့နယ်အတွက် ကောင်းကျိုးများပေးသကဲ့သို့ ဆိုးကျိုးများလည်း ပေးတတ်ပါကြောင်း၊ ရေအားလျှပ်စစ် များနှင့် စိုက်ပျိုးမြေဧကပေါင်း ၈၀၀၀၀ ကျော်ကို စိုက်ပျိုးထုတ်လုပ် နိုင်သည်မှာလည်း အဆိုပါချောင်း ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ရေကြီးရေလျှံဖြစ်ပြီး ပွင့်ဖြူမြို့နယ်တစ်ခုလုံးနီးပါး ဒုက္ခရောက်စေခဲ့သည်မှာလည်း မုန်းချောင်းပင် ဖြစ်ပါကြောင်း၊

၉-၆-၂၀၁၈ ရက်မှ ၁၅ ရက်အထိ ခုနစ်ရက်ကြာ ရွာသွန်းခဲ့သည့်မိုးသည် မိုးရေချိန်လက်မ ၁၅.၆ လက်မကျော် ရွာသွန်းခဲ့ပြီး မုန်းချောင်းတစ်လျှောက် ရေကြီးရေလျှံဖြစ်ခဲ့ပါကြောင်း၊ ယခုလို ရေကြီးရေလျှံဖြစ်ခဲ့ပြီး မင်းမြေကွက်သစ်ကျေးရွာ၊ ရွာထောင်ကျေးရွာ၊ မရိုးကုန်းကျေးရွာတို့တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထိုသို့ကမ်းပါးပြိုကျမှုများကြောင့် မင်းမြေကွက်သစ်ကျေးရွာမှ အိမ်ခြေ ၁၃ အိမ်၊ ရွာထောင်မှ ခုနစ်အိမ်၊ မရိုးကုန်းကျေးရွာမှ ၇၈ အိမ် ရွှေ့ပြောင်းခဲ့ရပါကြောင်း၊ ထိုသို့ရွှေ့ပြောင်း ခဲ့ရသည့်အတွက် ကျေးရွာသူ/ရွာသားများ များစွာဒုက္ခရောက် ခဲ့ရပါကြောင်း၊ ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့သည် ကမ်းပါးပြိုသည့် အိမ်ထောင်စုများကို ထောက်ပံ့မှုများ ပေးအပ်ခဲ့ပါကြောင်း၊

ထို့ကြောင့် အဆိုပါ မုန်းချောင်းနှင့်ပတ်သက်ပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၏ ဒုတိယနေ့ ၁၇-၁၁-၂၀၁၆ ရက်နေ့တွင် မုန်းချောင်းတစ်စိပ်တစ်ပိုင်းအား ကမ်းထိန်းနံရံ ပြုလုပ်ခြင်း၊ ကွေ့ကောက်၍ စီးဆင်းနေသော မုန်းချောင်းရှိ သဲသောင်များအား ခြောက်တန်းဖောက်လုပ်ပေးရန် နှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့ပြီး ဖြစ်သော်လည်း ဘတ်ဂျက်အခက်အခဲ၊ ဘဏ္ဍာငွေအခက်အခဲ များကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အတွက် ယခုလို အဖြစ်မျိုးများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါကြောင်း၊ ယခုလည်း မိုးမကျမီ ဆောင်ရွက်နိုင်ခြင်းမရှိပါက ထပ်မံရွှေ့ပြောင်းရအုံးမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ကျေးရွာသူ/ရွာသားများအတွက် ပြေးစရာမြေမရှိခြင်း နေစရာလည်း မြေမရှိခြင်းတို့ ရှိပါကြောင်း သို့ဖြစ်ပါ၍ မင်းမြေကွက်သစ်ရွာ၊ ရွာထောင်ရွာ၊ မရိုးကုန်းကျေးရွာတို့အား မုန်းချောင်းကမ်းပါးပဲ့ခြင်း အန္တရာယ်မှ လွတ်မြောက်ရန်၊ အမြန်ဆုံးအကာအကွယ် ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။