(င)-မြန်မာနိုင်ငံအတွင်း မြွေကိုက်ခံရမှုများနှင့်ပတ်သက်၍ အနီးစပ်ဆုံး(၅)နှစ်တာကာလအတွင်း မြွေကိုက်ခံ ရမှုအခြေအနေများ၊ BPI မှ ထုတ်လုပ်နိုင်သည့်မြွေဆိပ်ဖြေဆေး များပြည်ပသို့ တင်ပို့ရောင်းချရန် လျာထားချက်၊ ဈေးကွက်အခြေအနေတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံအတွင်း မြွေကိုက်ခံရမှုများနှင့်ပတ်သက်၍ အနီးစပ်ဆုံး (၅) နှစ်တာကာလအတွင်း မြွေကိုက်ခံ ရမှုအခြေအနေများကိုသိလိုခြင်း၊ BPI မှ ထုတ်လုပ်နိုင်သည့်မြွေဆိပ်ဖြေဆေး များပြည်ပသို့ တင်ပို့ရောင်းချရန် လျာထားချက်၊ ဈေးကွက်အခြေအနေအားသိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ယခင်က မြန်မာပြည်တွင် မြွေဆိပ်ဖြေဆေးကို မြွေပွေးနှင့်မြွေဟောက်အတွက် နှစ်မျိုးထုတ်လုပ်ပြီး အဆိပ်အမျိုးအစားပေါ် မူတည်၍ မြွေဆိပ်ဖြေဆေးကို ထိုးပေးရပါကြောင်း၊ ငန်းတော်ကြားမြွေတွင် မြွေပွေးနှင့်မြွေဟောက် နှစ်မျိုးလုံး၏ အဆိပ်ပါဝင်ကြောင်း သိရှိရပြီး ငန်းတော်ကြား မြွေအကိုက် ခံရမှုသည် အနည်းငယ်ခန့်သာ ရှိသည်ဟု သိရှိရပါကြောင်း၊ ယခုအခါ BPI အနေဖြင့် မြွေဆိပ်ဖြေဆေးကို တစ်မျိုးတည်းသာ ထုတ်လုပ်ပြီး မြွေအမျိုးအစားမခွဲခြားဘဲ အသုံးပြုနိုင် သည်ကိုလည်း သိရှိရပါကြောင်း၊
မြွေဆိပ်ဖြေဆေး ထုတ်လုပ်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းတွင် နှစ်စဉ်လိုလိုဖြစ်ပွားနေသည့် မြွေကိုက်ခံရမှု၊ လူနာအခြေအနေ၊ ဆေးထုတ်လုပ်ဖြန့်ဝေပေးနိုင်မှု၊ ဆေးအသုံးပြုနိုင်မှု၊ သေဆုံးသွားသည့် လူနာအခြေအနေ၊ ပြည်တွင်းအတွက် လိုအပ်သည့် ဆေးပမာဏ၊ ပိုမိုထုတ်လုပ်သည့် ဆေးပမာဏ၊ ဆေးလိုအပ်သည့် ဈေးကွက်အနေအထား၊ ဆေးဝါးများ၏ အရည်အသွေးအာမခံချက်၊ ဈေးကွက်၏လက်ခံ ယုံကြည်အားကိုးနိုင်မှုအနေအထား စသည်အခြေ အနေပေါင်းစုံကို ဘက်စုံထောင့်စုံက လေ့လာဆန်းစစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
ယခုအချိန်တွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာကို ပြောင်းလဲလာသည်နှင့်အမျှ မြွေကိုက် ခံရသော အန္တရာယ်လည်း လျော့နည်းကျဆင်းလာနိုင်သည့်အတွက် ပြည်တွင်း မြွေဆိပ်ဖြေဆေး လိုအပ်ချက်၊ မြွေဆိပ်ဖြေဆေးမလုံလောက်မှု မဖြစ်နိုင်ပေါ်ကြောင်းကို ယူဆရပါကြောင်း၊ ယခုမြွေဆိပ်ဖြေဆေးဈေးနှုန်းသည် ၃၀၀၀၀ ကျပ်၊ ၄၀၀၀၀ ကျပ်အထက်တွင် ရှိနေခြင်းကြောင့် ကျေးလက်နေဆင်းရဲ တောင်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ကာ အသက်ဆုံးရှုံးမှုများ တွေ့ကြုံနိုင်သည်ဟု သုံးသပ်ရပါကြောင်း၊
ထို့ကြောင့် မြန်မာနိုင်ငံတွင် တွေ့ရှိသော အနီးစပ်ဆုံး ငါးနှစ်တာကာလအတွင်း မြွေကိုက်ခံရသည့် လူနာဦးရေ၊ ကုသပေးနိုင်မှု၊ သေဆုံးမှု၊ မြွေကိုက်ခံရမှုအများစုဖြစ်ပွားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ BPI မှ ထုတ်လုပ်ဖြန့်ဖြူးနိုင်သည် မြွေဆိပ်ဖြေဆေးပမာဏ၊ ပြည်တွင်း ဆေးရုံ၊ ဆေးပေးခန်းကို ဖြန့်ဖြူးပေးနိုင်သည့် ပမာဏ၊ ပြည်တွင်းသုံးစွဲသည့် မြွေဆိပ်ဖြေဆေး ဈေးနှုန်းအား ဆင်းရဲသားကျေးလက်နေ ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် အချိန်မီ အသက်ကယ်တင် နိုင်ရေးစီမံဆောင်ရွက်နိုင်မှု၊ BPI မှ ထုတ်လုပ်နိုင်သည့် မြွေဆိပ်ဖြေဆေးများကို ပြည်ပဈေးကွက်သို့ို တင်ပို့ရောင်းချရန် လျာထားချက်နှင့် ဈေးကွက်အနေအထားအရ တိုးမြှင့်ထုတ် လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။