(ဃ)-မိုင်းစံမြို့ ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် မိုင်းနောင်မြို့ ၅ အမ်ဗွီအေဓာတ်အားခွဲရုံမှ မိုင်းစံမြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်း ၂၆ မိုင်သွယ်တန်းပြီးထရန်စဖော်မာများ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-27

 

မိုင်းစံမြို့ ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် မိုင်းနောင်မြို့ ၅ အမ်ဗွီအေဓာတ်အားခွဲရုံမှ မိုင်းစံမြို့သို့    ၆၆ ကေဗွီဓာတ်အားလိုင်း ၂၆ မိုင်သွယ်တန်းပြီး မိုင်းစံမြို့တွင် ၅ အမ်ဗွီအေဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ခြင်း၊ ၁၁ ကေဗွီလိုင်း၊ ၄၀၀ ဗို့အားလိုင်းတည်ဆောက်ခြင်း၊ ၂၀၀/၁၆၀ ကေဗွီအေ ထရန်စဖော်မာများ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၂-၁-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စုလေးအုပ်စုတို့ကို စုစည်းပြီး မိုင်းစံမြို့နယ်ခွဲအဖြစ် ကနဦးစတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၆၁၁/၂၀၁၄) ဖြင့် ရပ်ကွက်သုံးရပ်ကွက် ပါဝင်သည့်  မိုင်းစံမြို့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သော်လည်း ယခုအချိန်ထိ လျှပ်စစ်မီးအပြည့်အဝသုံးစွဲခွင့် မရရှိခြင်းကြောင့် မြို့အဆင့်အတန်းနှင့် ကိုက်ညီမှုမရှိဘဲ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ရှိနေပါကြောင်း၊ ဒေသတွင်းရှိ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ စက်မှုလက်မှုလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး အပိုင်းတွင်လည်း များစွာနိမ့်ကျလျက် ရှိပါကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာစေရေးအတွက် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးလုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိနေပါကြောင်း၊ အဆိုပါ အားနည်းချက်ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အမြားဖြင့် တည်‌ဆောက်ပြီးစီးခဲ့သော မိုင်းစံ ဆေးရုံကြီးနှင့် ဌာနဆိုင်ရာရုံးအဆောက်အဦတို့သည် ယနေ့တိုင်လုပ်ငန်း လည်ပတ်နိုင်ခြင်း မရှိသေး ပါကြောင်း၊ ယခုအခါ လွိုင်လင်ခရိုင်အတွင်းရှိ မြို့အများစုသည် ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ပို့လွှတ်သော မဟာဓာတ်အားလိုင်းမှ ၂၄ နာရီလျှပ်စစ်မီး ရရှိနေကြပြီ ဖြစ်ပါကြောင်း၊ အနီးပတ်ဝန်းကျင် မြို့များဖြစ်သော မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး၊ ကာလိ၊ ဟိုလန်၊ ကွန်ဟိန်းတို့သာမက အခြားသောကျေးရွာ အုပ်စုများသို့ လျှပ်စစ်ဓာတ်အားရောက်ရှိ ဖြန့်ဖြူး ပေးထားပြီးလည်း ဖြစ်ပါကြောင်း၊ သို့သော် မိုင်းစံမြို့သည်တစ်နေ့လျှင် သုံးနာရီခန့်သာ ရပ်ကွက်နေအိမ်ခြေတချို့ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်သည်မှလွဲပြီး ယနေ့အချိန်ထိ လျှပ်စစ်မီး အပြည့်အဝရရှိခြင်း မရှိသေးဘဲ ကျန်ရှိနေပါကြောင်း၊

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် လျှပ်စစ်စွမ်းအားသည် မရှိမဖြစ် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက် ရှိပါကြောင်း၊ ထို့ကြောင့်  နိုင်ငံတော်သမ္မတကြီး၏ မြန်မာ နှစ်သစ်ကူးမိန့်ခွန်းတွင် လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ယခုလက်ရှိ ထုတ်လုပ်နေသည့် မဂ္ဂါဝပ် ၃၀၀၀ မှ လာမည့်သုံးနှစ်အတွင်း နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ ကို ထပ်မံတိုးမြှင့်ပြီး စုစုပေါင်းမဂ္ဂါဝပ် ၆၀၀၀ ထိ ထုတ်လုပ်သွားရန် ကတိပေးပြောကြားခဲ့ပါကြောင်း၊ အလားတူ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကလည်း အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် (National Electrification Plan-2014) အရ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ ၁၀၀ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ရရှိစေရန် စီမံချက်ရေးဆွဲထားသကဲ့သို့ National Grid ဓာတ်အားစနစ်မှ ကီလိုမီတာ ၅၀ အကွာအဝေးအတွင်း နေထိုင်သူ ၉၉ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန် ထည့်သွင်း ရေးဆွဲထားပါကြောင်း၊ ထို့အပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) က တောင်ကြီး၊ လွိုင်လင်၊ လင်းခေးခရိုင် အတွင်းရှိ ကျေးရွာပေါင်း ၄၁၆ ရွာကို လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဂျာမနီချေးငွေ ယူရို ၂၃.၈၈၃ သန်းဖြင့် အကောင်အထည်ဖော်သွားရမည့် စီမံကိန်းကိုလည်း ရေးဆွဲအတည်ပြုထားပြီး ဖြစ်ပါကြောင်း တာဝန်ရှိသူများက လွှတ်တော်တွင် ရှင်းလင်းတင်ပြချက်အရ သိရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ ဒေသ၏လိုအပ်ချက်အရ မိုင်းစံမြို့ ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် မိုင်းနောင်မြို့ ၅ အမ်ဗွီအေဓာတ်အားခွဲရုံမှ မိုင်းစံမြို့သို့  ၆၆ ကေဗွီဓာတ်အားလိုင်း ၂၆ မိုင်သွယ်တန်းပြီး မိုင်းစံမြို့တွင် ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ခြင်း၊ ၁၁ ကေဗွီလိုင်း၊ ၄၀၀ ဗို့အားလိုင်း တည်ဆောက်ခြင်း၊ ၂၀၀/၁၆၀ ကေဗွီအေ ထရန်စဖော်မာများတပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည်‌့အချိန်တွင် အမြန်ဆုံးဆောင်ရွက် ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။