(ခ)-ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ပေါ်တွင် မြန်မာ့စီးပွားရေးဘဏ် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒလမြို့နယ်သည် ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ စု၊ လူဦးရေ ၁၆၀၀၀၀ ၊ အိမ်ခြေ ၃၂၀၀၀၊ အိမ်ထောင်စု ၃၅၀၀၀ ရှိသော မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ဒလမြို့နယ်တွင် ဌာနဆိုင်ရာပေါင်း ၃၄ ဌာန၊ ခွင့်ပြုဝန်ထမ်းပေါင်း ၃၉၀၀ ကျော်ရှိပြီး ဌာနဆိုင်ရာများ ငွေကြေးထုတ်ယူသုံးစွဲရာတွင် ရန်ကုန်မြစ်အား စက်လှေဖြင့်ဖြတ်ကူးလျက် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၁) နှင့် ဘဏ်ခွဲ (၅) သို့ သွားရောက်ထုတ်ယူ ဆောင်ရွက်သွားကြရပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရသည့်အတွက် အချိန်၊ လုံခြုံမှုမရှိသော ကိစ္စများ၊ လူအင်အားဆုံးရှုံးရသည့် ကိစ္စများအပြင် ဒလမြို့နယ်ပြည်သူလူထုအနေဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ရန်ကုန်တစ်ဖက်ကမ်းသို့ သွားရောက်လုပ်ဆောင် နေရသည့်အတွက် မြို့နယ်၏ GDP တွက်ချက်ရာတွင် ငွေရေးကြေးရေး ကဏ္ဍအနေဖြင့် မျှော်မှန်းသလောက် ဒလမြို့နယ်အနေဖြင့် တိုးတက်မှုမရှိဘဲ ဘဏ်များတည်ရှိရာ မြို့နယ်တွင်သာ တွက်ချက်မှုအရ ပါဝင်သွားခြင်း အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဒလမြို့နယ်သည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်မှုဖွံ့ဖြိုးရေး နယ်မြေသတ်မှတ်ပြီး ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများ ဖော်ဆောင်ရန်ရှိရာ ဒေသတွင်းတွင်လည်း အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်မှာ သေချာသလောက် ရှိသည့်အပြင် မကြာမီကာလအတွင်း ဒလ-ရန်ကုန်မြစ်ကူး တံတားကြီး တည်ဆောက်မည် ဖြစ်သည့်အတွက် ဒလမြို့နယ်၏ မြို့ပြဆိုင်ရာ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန် ဖြစ်ပါကြောင်း၊ ဒလမြို့တွင် မြန်မာ့စီးပွားရေးဘဏ် မရှိဘဲ ပုဂ္ဂလိကဘဏ်အနေဖြင့် KBZ တစ်ခုသာ ရှိပါကြောင်း၊ အစိုးရဌာနဆိုင်ရာများက ငွေကြေးထုတ်ယူ သုံးစွဲခြင်းနှင့်ပတ်သက်ပြီး အစိုးရဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်ကို ပိုမိုယုံကြည် အားကိုးသည့်အတွက် ရန်ကုန်မြစ်တစ်ဖက်ကမ်းသို့ သွားရောက်ဆောင်ရွက် ကြရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပတ်သက်ပြီး ဆောင်ရွက်သည့် ကိစ္စရပ်များအတွက် ဒလမြို့နယ်တွင် မြန်မာ့ စီးပွားရေးဘဏ်တစ်ခု ဖွင့်လှစ်ပေးပါက ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် လုပ်ငန်းများလည်း ပိုမိုအောင်မြင်လာမည် ဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် ဆောက်လုပ်မည့် မြေနေရာနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်အစိုးရ စီမံခန့်ခွဲခွင့်ရှိသော မြေဧရိယာအလုံအလောက် ဒလမြို့တွင် ရှိပါကြောင်း၊ အမှတ် ၃၃၇၈ ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်၊ ဒလ-တွံတေးလမ်းမကြီးဘေး မြေနေရာသည် လျာထားပြီး ဖြစ်သည့်အပြင် ငွေသိုလှောင်ခန်း ဆောက်လုပ်ရန် ဒလမြို့နယ်ရဲစခန်း အတွင်းတွင်လည်း အလားတူလျာထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုနှင့် အစိုးရဌာနဆိုင်ရာများအတွက် ငွေကြေးအပ်နှံထုတ်ယူ သုံးစွဲခြင်း လျင်မြန်လွယ်ကူ ချောမွေ့စေရန် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ပေါ်တွင် မြန်မာ့စီးပွားရေးဘဏ် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။