(စ)-ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု ရဲတပ်ရင်းအတွက် သိမ်းယူထားသောမြေပေါ်တွင် ကြက်ခြံအတွက် မြေငှားရမ်းခြင်း၊ ကားပျက်များလေလံဆွဲပြီး စုပုံခြင်းများ တိုင်ကြားထားသည်ကို မည်သို့ဖြေရှင်းဆောင်ရွက်ထားကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု ရဲတပ်ရင်းအတွက် သိမ်းယူထားသောမြေပေါ်တွင် ကြက်ခြံအတွက် မြေငှားရမ်းခြင်း၊ ကားပျက်များလေလံဆွဲပြီးစုပုံခြင်း၊ ဖြတ်တောက်ခြင်းအတွက် အသုံးပြု နေခြင်းကြောင့် ထိခိုက်နစ်နာမှုအတွက် တိုင်ကြားထားသည်ကို မည်သို့ဖြေရှင်းဆောင်ရွက်ထားကြောင်း သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စုမှ ရဲတပ်ရင်းအတွက် သိမ်းယူခဲ့စဉ်က ရည်ရွယ်ချက်အတိုင်း မဟုတ်ဘဲ အခကြေးငွေယူပြီး လုပ်ငန်းရှင်များကို ငှားရမ်းနေသည့်အတွက် မူလလက်လုပ်တောင်သူများမှာ စီမံကိန်းအကောင် အထည်ဖော်ခြင်း မရှိသည့်အတွက် ပြန်လည်စွန့်လွှတ် ပေးပါရန်၊ စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးပါရန် လျှောက်ထားတင်ပြထားသည့် မြေဖြစ်ပါကြောင်း၊ အများပြည်သူအသုံးပြုနေသည့်လမ်းများ ပျက်စီးစေမည့် တန်ပိုတင်ဆောင်ခြင်း၊ ကုန်ကားကြီးများ ဖြတ်သန်းသွားလာနေသည့် အတွက်ကြောင့် အများပြည်သူပိုင် လမ်းကြီးလည်း ပျက်စီးရပါကြောင်း၊ လေလံဆွဲထားသော ကားပျက်များသည် လမ်းဘေးတစ်လျှောက် မြင်မကောင်းအောင် စုပုံထားပြီး အသံ၊ အနံတို့ကြောင့် အနီးအနားနေသည့် ပြည်သူများ ထိခိုက်နစ်နာ ရသည့်အတွက် တိုင်ကြားလာသောကြောင့် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ မြေပေါ်တွင် မြေတူးရောင်းခြင်းများ၊ ကြက်ခြံများတည်ဆောက်ရန် မြေငှားခြင်းများ၊ လေလံဆွဲထားသည့် စက်ပစ္စည်းများ၊ ကားပျက်များ စုပုံငှားရမ်းထားသည့်အတွက် အသုံးပြုနေသောမြေမှာ ၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်ခန့်က ရဲတပ်ရင်းတည်ဆောက်ရန်အတွက်ဆိုပြီး သိမ်းယူထားသော မြေဖြစ်ပါကြောင်း၊ အများပြည်သူ အသုံးပြုနေသော လမ်းများလည်း ပျက်စီးပါကြောင်း၊ အဆိုပါမြေများက လိုအပ်သည့် ပမာဏာထက် များစွာပိုမိုသိမ်းယူထားသည့်အတွက်ကြောင့် နှစ်ပေါင်း ၂၀ နီးပါး ကြာမြင့်နေသည့်တိုင် အကောင်အထည် မဖော်ရသေးဘဲ မြေလွတ်များစွာ ကျန်ရှိနေသော မြေဖြစ်သည့်အတွက် ဒေသခံ ပြည်သူများ ဥယျာဉ်ခြံမြေများ၊ လက်လုပ်တောင်သူများ စိုက်ပျိုးလုပ်ကိုင်ခွင့် မရဘဲဌာနမှ စီးပွားရှာရန်အတွက် အသုံးပြုလျက်ရှိပါကြောင်း၊ ၎င်းနေရာဆိုလျှင် မိမိမေးခွန်းမေးပြီးနောက် ရဲတပ်ရင်းထဲကမြေကို ရွှေ့ပြောင်းထားပြီး ကျန်ခဲ့သည့်ပုံ ဖြစ်ပါကြောင်း၊ ဒါမနေ့ကမှ ရိုက်ထားသည့်ပုံ ဖြစ်ပါကြောင်း၊ လျော်ကြေးအဖြစ် မြေခွန် ၁၈ ဆနှင့် သီးပင်စားပင်အတွက် တစ်ပင်ကို ၁၀ ပြားနှုန်းဖြင့် ပေးခဲ့သည့် မြေဖြစ်ပါကြောင်း၊ ကာလပေါက်ဈေးဖြင့် သိန်းပေါင်းများစွာ တန်ဖိုးရှိနေသည့် အဆိုပါ မြေကိုသိမ်းယူခဲ့စဉ်က တောင်သူများက အဆိုပါ ဥယျာဉ်ခြံမြေအတွက် တစ်ဧကကို ပိုက်ဆံကျပ် ၈၀ ခန့်သာရခဲ့ခြင်း ဖြစ်ပါကြောင်း၊ သိမ်းဆည်းသည့် မြေများနှင့်စပ်လျဉ်းပြီး စိစစ်ရန် အချက်အလက်များမှာ သိမ်းဆည်းမြေများပေါ်တွင် မူလတင်ပြထားသည့် စီမံကိန်းအမျိုးအစားအတိုင်း လက်ရှိ ဆောင်ရွက်နေခြင်းရှိ/မရှိ စိစစ်ရန်အတွက်ဆိုပြီး ညွှန်ကြားထားခြင်း ရှိပါကြောင်း၊ လက်ရှိအစိုးရ၏ ချမှတ်ထားသည့် မူဝါဒနှင့်အညီ မဟုတ်ဘဲ မြေပြင်ပေါ်တွင် ဖြစ်ပျက်နေသော အနေအထားများအတွက်ကြောင့် ဒေသခံတောင်သူများ ထိခိုက်နစ်နာလျက်ရှိသည့် အတွက်ကြောင့် ကူညီတည့်မတ် ပေးပါရန်အတွက် မေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါသည်။