(ခ)-ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများ ကမန်လူမျိုးအမည်ခံကာ မြန်မာနိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနေခြင်းကို ပြန်လည်စိစစ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများ ကမန်လူမျိုးအမည်ခံကာ မြန်မာနိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနေခြင်းကို ပြန်လည်စိစစ်ပေးရန်နှင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၏ (၂၅-၁-၂၀၁၇) ရက်စွဲပါစာအမှတ် ၁၀၂/မ-၆(နငသ-၄)၀၅၈၄/အမတအရ နောက်ကြောင်းပြန်စိစစ်ခြင်း မပြု(မပြု)ရန် အမိန့်ညွှန်ကြားစာအား ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေသိပ်သည်း အများပြားဆုံးဖြစ်သော နိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာနှင့် လူဦးရေဆိုင်ရာဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်း စောင့်ရှောက်လိုက်နာရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်တစ်ရပ် ဖြစ်သည့်အတွက်ကြောင့် “မြေမြို၍ လူမျိုးမပျောက်၊ လူမြိုမှလူမျိုးပျောက်မည်” ဟူသော ဆောင်ပုဒ်ကို အသုံးပြုရခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများ ဘာသာတူကမန်လူမျိုးများ အမည်ခံကာ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားများ ရယူနေသောကြောင့် ကွဲကွာမှုများ ပြင်းထန်စွာ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း၊ ကမန်လူမျိုးများသည် ဘင်္ဂါလီများနှင့် ကိုးကွယ်ရာဘာသာတူရာမှတစ်ပါး အခြားယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကား၊ လူနေမှုစရိုက်များမတူသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် စာရင်းတွင် ထည့်သွင်းထားခြင်းခံရသူများ ဖြစ်ပါကြောင်း၊
ဘင်္ဂါလီများ နိုင်ငံသားစိစစ်ရေးကတ်ရယူလိုမှုကြောင့် ကမန်များအဖြစ် အယောင်ဆောင်ပြီး နည်းမျိုးစုံသုံးလာကြရာ ယခုအခါ ကမန်လူမျိုးအစစ်များ တဖြည်းဖြည်းပျောက်ကွယ်လာမည့် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ကမန်လူမျိုးအစစ်များ ပြောကြားချက်အရ ရမ်းဗြဲမြို့နယ်တွင် ကမန်လူဦးရေ ရာဂဏန်းခန့်သာရှိကြောင်း၊ ယခုအခါ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာမှ ဘင်္ဂါလီ ၃၀၀၀ ကျော်ကို ကမန်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေခြင်းကို ဒေသခံကမန်လူမျိုးများနှင့် ရခိုင်လူမျိုးများက စိုးရိမ်ကြီးစွာဖြင့် ကန့်ကွက်မှုများကို ပြင်းထန်စွာပြုလုပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုရရှိစေရေး၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုအကြား ယုံကြည်မှုရရှိစေရေးတို့ကို ကြည့်ရှု၍ ဆောင်ရွက်သင့်ကြောင်း၊
ကမန်အမျိုးသား တိုးတက်ရေးပါတီဗဟိုက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အစ္စလာန်ဘာသာ ကိုးကွယ်သူ ဘင်္ဂါလီများကို ကမန်အဖြစ်အသုံးပြုရန် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေခြင်းအပေါ် ပြန်လည်စိစစ်ပေးပါရန် နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ၂၅-၁-၂၀၁၇ ရက်စွဲပါ စာအမှတ်(၁၀၂/မ၆ နငသ(၄)၀၅၈၄/အမတ) အရ “နောက်ကြောင်းပြန် စစ်ဆေးခြင်းမပြုလုပ်ရ” ဟု ညွှန်ကြားထားကြောင်း၊ ဤညွှန်ကြားစာသည် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေ ပုဒ်မ ၁၈ နှင့် ၁၉ ကို တိုက်ရိုက်ချိုးဖောက်ရာ ရောက်ကြောင်း၊ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေပုဒ်မ ၁၈ တွင် နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန် ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိပါက နိုင်ငံသားအဖြစ် ရုတ်သိမ်းခံရမည့်အပြင် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ် ၅၀၀၀၀ ကိုလည်း ကျခံစေရမည်ဟုလည်းကောင်း၊ ပုဒ်မ ၁၉ တွင် နိုင်ငံသားတစ်ဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့်လက်မှတ်ကို တစ်စုံတစ်ဦးရရှိရန် အားပေးကူညီ ဆောင်ရွက်လျှင် ထောင်ဒဏ် ၇ နှစ်နှင့်ငွေဒဏ် ၁၀၀၀၀ ကိုကျခံစေရမည်ဟုလည်းကောင်း ဖော်ပြပါရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၆ တွင် နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းသည် ဥပဒေပြဋ္ဌာန်းသည့်အတိုင်း ဖြစ်စေရမည်ဟု ပါရှိသည့်အတွက်ကြောင့် တည်ဆဲဥပဒေများနှင့် ဆန့်ကျင်နေကြောင်း၊ ထို့ကြောင့် အမှုကိစ္စတစ်ခုကို အမှုကိစ္စတစ်ခုက ပြန်လည် ဆန်းစစ်ခြင်းမရှိစေရ၊ တစ်နည်းအားဖြင့် နောက်ကြောင်းပြန် စိစစ်ခြင်းမပြုလုပ်ရဟု ညွှန်ကြားချက်သည် တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့၌ မရှိဖူးသော လုပ်ထုံးလုပ်နည်းဖြစ်ပြီး တည်ဆဲဥပဒေများနှင့် ဆန့်ကျင်နေကြောင်း၊ ဆန့်ကျင်နေသည့်အတွက်ကြောင့် ဖော်ပြပါအမိန့်ညွှန်ကြားစာအား ရုတ်သိမ်းခွင့်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများက ကမန်လူမျိုးအမည်ခံယူကာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေခြင်းကို ပြန်လည်စိစစ်ပေးရန်နှင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၏ (၂၅-၁-၂၀၁၇) ရက်စွဲပါစာအမှတ် ၁၀၂/မ-၆(နငသ-၄)၀၅၈၄/အမတ အရ နောက်ကြောင်းပြန်စိစစ်ခြင်း မပြု(မပြု)ရန် အမိန့်ညွှန်ကြားစာအား ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။