(ဆ)- ရွာငံမြို့နယ်၊ အင်းကြီးကတ္တရာလမ်းခွဲမှ ပါယ်ကင်း-သဖန်းပင်-ကျောက်တောသို့ ဆက်သွယ်ထား သော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် အင်းကြီးကတ္တရာလမ်းခွဲမှ ပါယ်ကင်း-သဖန်းပင်-ကျောက်တောသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းသည် ဒေသခံမိဘပြည်သူများမှ ဘိုးစဉ်ဘောင်ဆက် ကိုယ့်အားကိုယ်ကိုးဖောက်လုပ်ထားသော လမ်းဖြစ်ပါကြောင်း၊ သို့သော် ၎င်းလမ်းသည် မိုးရာသီရောက်ရှိပါက မြို့နယ်နှင့်အဆက်အသွယ် ပြတ်သည်အထိ သွားလာရသည့် အခြေအနေဆိုးရွားပါကြောင်း၊ ရွာငံဒေသသည် မိုးများသည့် ဒေသဖြစ်သည့်အတွက် အင်းကြီး-ပါယ်ကင်း-သဖန်းပင်-ကျောက်တောမှ မိဘပြည်သူများအနေဖြင့် ဆရာတော်ဘုရား၏ ဦးဆောင်မှုနှင့် အလှူငွေ၊ လုပ်အားတို့ဖြင့် နှစ်စဉ် လမ်းပြုပြင်နေရ သောကြောင့် ဒေသခံပြည်သူများအတွက်လည်း အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊
အင်ကြီးကတ္တရာလမ်းခွဲမှ ပါယ်ကင်း-သဖန်းပင်-ကျောက်တောလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးပါက အင်းကြီးကျေးရွာမှ အိမ်ထောင်စု ၂၁၅ စု၊ လူဦးရေ ၁၂၅၀ ဦး၊ ပါယ်ကင်းကျေးရွာမှ အိမ်ထောင်စု ၁၄၀ စု၊ လူဦးရေ ၇၀၀ ဦး၊ သဖန်းပင်ကျေးရွာမှ အိမ်ထောင်စု ၈၀ စု၊ လူဦးရေ ၄၀၀ ဦး၊ ကျောက်တောကျေးရွာမှ အိမ်ထောင်စု ၁၂၉ စု၊ လူဦးရေ ၅၄၈ ဦးနှင့် ပါယ်ကင်း-သဖန်းပင်ကျေးရွာမှ ကျောင်းသား ၅၀ ဦး စုစုပေါင်း လူဦးရေ ၂၉၀၀ ခန့်တို့၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအခက်အခဲများကို ပြေလည်စေမည်ဖြစ်ပါကြောင်း၊
အဆိုပါလမ်း၏ ပေအရှည်သည် အင်းကြီးကျေးရွာ၊ အင်းကြီးကျေးရွာကတ္တရာလမ်းခွဲမှ ပါယ်ကင်းကျေးရွာ စာသင်ကျောင်းအထိ မိုင်အားဖြင့် ၄ မိုင် ၁ ဖာလုံ၊ ရေကျော် ၃၈ ခု၊ တံတားငယ် ၃ စင်း ပါဝင်ပါကြောင်း၊ ဒေသခံမိဘပြည်သူများက လမ်းအဆင့်မြှင့်တင်ပေးရန် တင်ပြကြပြီး လိုအပ်သောလမ်းအကျယ်ကို ဆရာတော်ဘုရား၏ဦးဆောင်မှုနှင့် ဒေသခံ ခြံရှင်များ၊ မိဘ ပြည်သူများ ပေါင်းစပ်ညှိနှိုင်းပြီး ပေးလှူဖြစ်ကြောင်းကို သဘောတူညီမှုလည်း ရရှိပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ရွာငံမြို့နယ် အင်းကြီးကတ္တရာလမ်းခွဲမှ ပါယ်ကင်း-သဖန်းပင်-ကျောက်တောသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အဆင့်မြှင့်တင်ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။