(က)-တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ဗြဟ္မစိုရ်လမ်းပေါ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအဆောက်အဦသည်အလွန်ဟောင်းနွမ်းပျက်စီးနေပါသဖြင့်အသစ်ပြန်လည်တည်ဆောက်ပေးရန်နှင့်သက်ဆိုင်ရာဌာနအနေဖြင့်မည်သို့စီစဉ်ထားသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-27

တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်းမပေါ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးသည် မြို့နယ်စတင်တည်ထောင်စဉ်ကပင် တည်ရှိခဲ့သော ဆန်ဂိုဒေါင်အဟောင်းကို အသုံးပြုနေရပါကြောင်း၊ ၎င်းအဆောက်အဦသည် အမိုးများပေါက်နေခြင်း၊ ကြမ်းခင်းများ နိမ့်နေသဖြင့် မိုးရွာလျှင် ရေအမြဲဝပ်ခြင်းတို့ ဖြစ်နေကြောင်း၊ လ.ဝ.ကရုံးသည် လူအများနှင့် ဆက်ဆံနေရသော်လည်း ဆန်ဂိုဒေါင်အဟောင်းဖြစ်သဖြင့် လေဝင်၊ လေထွက်မရရှိဘဲ မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားပြုလုပ်ရန် လာရောက်သော ပြည်သူများအနေဖြင့်လည်း သက်သောင့်သက်သာမရှိသော အနေအထားမျိုးနှင့် ကြုံတွေ့နေရပြီး လ.ဝ.ကရုံးဝန်ထမ်းအနေဖြင့်လည်း ကျန်းမာရေးနှင့်မညီညွတ်သော အနေအထားမျိုး နေ့စဉ်ကြုံတွေ့ ဖြတ်သန်းနေရပါကြောင်း၊

မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား လာရောက်ပြုလုပ်သော ပြည်သူများနှင့် လ.ဝ.ကရုံးဝန်ထမ်းများ ဆန်ဂိုဒေါင်အဟောင်းအတွင်း လုပ်ငန်းဆောင်ရွက်နေရကြောင်း၊ ၎င်းအဆောက်အဦသည် အလွန်ဟောင်းနွမ်း ပျက်စီးလျက်ရှိပြီး အသစ်ပြန်လည် တည်ဆောက်ရန် အမှန်တကယ် လိုအပ်လျက် ရှိနေပါသဖြင့် သက်ဆိုင်ရာဌာနအနေဖြင့် မည်သို့စီစဉ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။