(ဈ)-မိုးကောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ အားကစားအထောက်အကူ ပစ္စည်းများ ပံ့ပိုးပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျန်းမာသန်စွမ်းသည့်နိုင်ငံသူ နိုင်ငံသားများဖြစ်ရန် အားကစားကဏ္ဍမြှင့်တင်ရေးသည် ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သဖြင့် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝန်ကြီးအနေဖြင့် အားကစားနှင့် စပ်လျဉ်းသည့်မေးခွန်းများကို လာရောက်ဖြေကြားတိုင်း ခိုင်ခိုင်မာမာဖြေကြားသည်ကို မိမိတို့ အလွန်အားရ ကျေနပ်ခြင်းနည်းတူ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အမျိုးသားပညာရေးစီမံကိန်းတွင် အားကစားကဏ္ဍကို အထူးတလည်ထည့်သွင်း ရေးဆွဲထားကြောင်းလည်း သိရှိရပါသည်။ မူများချထားသည်မှာလည်း အလွန်ကောင်းပါကြောင်း၊ အဓိကလိုအပ်ချက်က အကောင် အထည်ဖော်မည့် လူလိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ ကျောင်းများတွင် ဆရာမဦးရေက များသည့်အပြင် ကာယ ဆရာဆိုသည့် ရာထူးကလည်း ကျောင်းများ၏ လိုအပ်ချက်အရ စာသင်ကြားရေးအတွက် စာသင်ခန်းထဲက မထွက်နိုင်ကြသဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများ မလုပ်နိုင်ကြခြင်းဟု ထင်မြင်မိပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အဆင့် အား/ကာမှူးများကို ကျောင်းအားကစား ပြိုင်ပွဲများအတွက် ပံ့ပိုးကူညီရေး ညွှန်ကြားပေးစေလိုပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားလက်ရွေးစင် အားကစားသမားများ အဓိကမွေးထုတ်ပေးသည့် မူလအရင်းအမြစ်ဌာနဖြစ်သည့် ကျောင်းတွင်း အားကစားပြိုင်ပွဲများ၊ လှုပ်ရှားမှုများ မလုပ်နိုင်သည့်အကျိုးဆက်က ယနေ့ နိုင်ငံတကာပြိုင်ပွဲများ၊ အာဆီယံဒေသတွင်း ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိသည့် အခြေအနေအရ မြန်မာနိုင်ငံ၏ အားကစားအဆင့် အတန်းကို ပြသနေပါကြောင်း၊ ယမန်နေ့က ကျင်းပပြီးစီးသွားသည့် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါကြောင်း၊ အိမ်ရှင်အခွင့်အရေးဖြင့် အင်ပြည့်အားပြည့်ဖြင့် ယှဉ်ပြိုင်ခဲ့သော်လည်း အဆင့် (၄) နေရာဖြင့် ကျေနပ်နှစ်သိမ့်ခဲ့ရပါကြောင်း၊ တင်ပြပါ အခြေအနေများအရ ပါရမီရှင်ကစားသမားများကို မွေးထုတ်ပေးနိုင်ရန်အတွက် နိုင်ငံအဝန်းတွင်ရှိသည့် အခြေခံပညာကျောင်းများတွင် အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးနိုင်ရန် လိုအပ်သည်မှာ သိသာထင်ရှားစေပါကြောင်း၊
မိမိအနေဖြင့် အလေးအနက်ထားတင်ပြလိုသည်မှာ ဝန်ကြီးဌာနများက ချမှတ်ထားသော မူဝါဒများ လက်တွေ့အကောင်အထည် ဖော်နိုင်ရေးအတွက် ထိရောက်စွာတွန်းအားပေး လုပ်ဆောင်စေလိုပါကြောင်း၊ ကျောင်းတွင်းအားကစား ပြိုင်ပွဲများကို မဖြစ်မနေကျင်းပနိုင်ရေး စီမံချက်များရေးဆွဲပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းအကောင်အထည်ဖော် ပေးစေလိုပါကြောင်း၊ စီမံချက်များရေး ဆွဲနေဆဲကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသည့် အားကစားပစ္စည်းများ၊ ဆက်စပ်အထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးခြင်းအားဖြင့် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြန်လည်အသက်ဝင်လာပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ကျန်းမာသန်စွမ်းသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်ရန် ကနဦးတွန်းအားတစ်ခု ဖြစ်နိုင်မည်ဟု ယုံကြည်သည့်အတွက် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းများတွင် လိုအပ်လျက်ရှိသော အားကစားအထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။