(ဍ)-၁၆ လက်မ တစ်မိုင်စကေးဖြင့် ရေးဆွဲထားသော မြစ်သားမြို့နယ်၊ ကူမဲမြို့မြေပုံအား ၆၄ လက်မ တစ်မိုင် စကေးဖြင့် အသစ်ပြန်လည်ရေးဆွဲပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကူမဲသည် အရင်က ရွာငယ်လေးသာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကြောင်း၊ အနီးအနားရွာများက မြေဆီသြဇာနှင့်ပြည့်စုံပြီး နောင်တွင် အနော်ရထာမှ ကင်းတားလေး၊ ကင်းတားကြီး ဆည်ရေသောက်စနစ်များဖြင့် ပီပီပြင်ပြင် လုပ်ခဲ့ကြောင်း၊ ထို့နောက် ကူမဲရွာသူရွာသားများ ညီညီညာညာ လုပ်ကြသည့်အခါ ကူမဲသည် ရွာကြီးတစ်ရွာ ဖြစ်လာပြီး စံပြကျေးရွာဖြစ်လာခဲ့ကြောင်း၊ ကူမဲစံပြကျေးရွာ ရွာသူရွာသားများက နိုင်သည့်နေရာမှ ညီညီညာညာနှင့် ငွေအား၊ လူအား အားလုံး ဝိုင်းဝန်းကြိုးစား လုပ်ကိုင်ကြသောအခါ ယခု NLD အစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံမှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ပြည်ထောင်စု Cabinet ၏ ခွင့်ပြုမူကြောင့် ကူမဲစံပြကျေးရွာသည် မြို့အဖြစ်အဆင့်တိုး သတ်မှတ်ကြောင်းကို ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ မြို့ဖြစ်လာသော်လည်း ကူမဲ၏မြေပုံမြေတိုင်းတာမှုသည် ၁၆ လက်မ ၁ မိုင် စကေးသာ ဖြစ်သောကြောင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်ပီပြင်မှုမရှိသေးပါကြောင်း၊ ရုံးမြေ၊ ကျောင်းမြေ၊ ဈေးမြေ၊ သာသနာဓိကမြေ စသည့် ကွက်စိတ်ကွက်ကျဲ ပီပီပြင်ပြင်တိုင်းတာမှု မရှိသေးသည့်အပြင် အထက်ပါ အကြောင်းအရင်းများကြောင့် ဂရန်ဖောက်သောအခါ မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများ ရှိနေပါကြောင်း၊
ထို့ကြောင့် မြစ်သားမြို့နယ်ရှိ ကူမဲမြို့ကို မြို့အင်္ဂါရပ်နှင့် ပီပြင်ပြည့်စုံနိုင်ရန် အတွက် ၆၄ လက်မ ၁ မိုင် စကေးနှင့် မြေပုံအသစ် ပြန်လည်ရေးဆွဲပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။