(ဃ)-ခေါင်လန်ဖူးမြို့နယ်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင်‌့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင်‌့မားလာစေရန်အတွက် ဒေသနှင့်ကိုက်ညီသင်‌့လျော်သော ပညာရေးဝန်ထမ်းများ စေလွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ခေါင်လန်ဖူးမြို့နယ်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင်‌့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင်‌့မားလာစေရန်အတွက် အပြစ်ပေးအရေးယူခံရသော ပညာရေးဝန်ထမ်းစေလွှတ်ခြင်းထက် ကြိုးစားအားထုတ်မှုရှိပြီး ဒေသနှင့်ကိုက်ညီသင်‌့လျော်သော ပညာရေးဝန်ထမ်းများစေလွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ခေါင်လန်ဖူး မြို့နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အကျဆုံးတွင်တည်ရှိပြီး ဝေးလံခက်ခဲ့သည့်မြို့နယ် ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်တွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးနှင်‌့ အခြားကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှု အနောက်ကျဆုံး မြို့နယ်ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူး မြို့နယ်တွင် အ.ထ.က ကျောင်းနှစ်ကျောင်း၊ အ.ထ.က(ခွဲ)တစ်ကျောင်း၊ အ.လ.က သုံးကျောင်း၊ အ.လ.က(ခွဲ) ငါးကျောင်း၊ အ.မ.က ကျောင်း ၅၅ ကျောင်း၊ အ.မ.က(ခွဲ) လေးကျောင်းရှိပြီး ကျောင်းသား/ကျောင်းသူစုစုပေါင်း ၃၆၄၆ ဦးရှိကာ ရုံးဝန်ထမ်းနှင်‌့ သင်ကြားရေးဝန်ထမ်း စုစုပေါင်း ၃၈၈ ဦးဖြင့် တာဝန်ယူသင်ကြားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ဖွံ့ဖြိုး တိုးတက်ကောင်းမွန် စေရန်အတွက် အစဉ်ပြုပြင်ပြောင်းလဲလျက်ရှိသည့် ၂၀၁၅ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိ KG+12 ပညာရေးစနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ခေါင်လန်ဖူးမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကမဏ္ဍိုင်လေးခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့် ပညာရေးကဏ္ဍသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသော်လည်း ယနေ့အထိ သိသိသာသာတိုးတက် ပြောင်းလဲလာခြင်း မရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကိုးနှစ်တာကာလအတွင်း ခေါင်လန်ဖူးမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုကိုကြည့်ပါက တစ်ဦးသာရှိသည်ကို ကြည့်ခြင်းအားဖြင့် ပညာရေးကဏ္ဍတွင် မည်မျှကျဆင်းနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ဤသို့ ဖြစ်ရခြင်းမှာ အတွေ့အကြုံရှိပြီး စေတနာထားကာ အသင်ပြကောင်းသည့် ပညာရေးဝန်ထမ်းများ စေလွှတ်ပေးမှု အားနည်းခြင်းကြောင့်ဖြစ်ကြောင်း၊ ဤကဲ့သို့ ဆက်သွားမည်ဆိုပါက ခေါင်လန်ဖူးမြို့နယ်၏ ပညာရေးအခြေအနေသည် စိုးရိမ်စရာအနေအထား ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ အတွေ့အကြုံရှိပြီး အသင်အပြကောင်းသည့် ပညာရေးဝန်ထမ်များ စေလွှတ်‌ပေးမည်ဆိုပါက သူတို့နှင့်ထိုက်တန် သင်‌့လျော်သည့် အခွင်‌့အ‌ရေးများပေးခြင်းဖြင့် စည်းရုံးရမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ၁၉ ရက်မြောက်နေ့ အစည်းအဝေးတွင်  ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အပြစ်ပေးအရေးယူခဲ့သည့် ဒုတိယ မြို့နယ်ပညာရေးမှူးတစ်ဦးအား ခေါင်လန်ဖူးမြို့နယ်သို့ ပြောင်းရွှေ့တာဝန်ချထားလိုက်ကြောင်း ဆွေးနွေးသွားသည့်အပေါ် ရာသီဥတုအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ စာနပ်ရိက္ခာ အခက်အခဲများကြားတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများက မေးခွန်းထုတ်လာကြကြောင်း၊ ထိုသို့ဝေးလံခက်ခဲသည့် ဒေသများရှိ ကျောင်းသူကျောင်းသားများ အတွက် ပညာရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် ဒေသနှင့်သင့်လျော်ပြီး ကြိုးစား အားထုတ်မှုရှိသည့် ပညာရေးဝန်ထမ်းများ ခန့်ထားစေလွှတ်ပေးရန် ဌာနမှအထူးအစီအစဉ်တစ်ရပ် ချမှတ်ပေးပြီး အလေးထား ဆောင်ရွက်ပေးသင်‌့ကြောင်း၊ သို့ဖြစ်ပါ၍ ခေါင်လန်ဖူးမြို့နယ်တွင် ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မြင့်မားလာစေရန်အတွက်  အပြစ်ပေးအရေးယူခံထားရသော ပညာရေးဝန်ထမ်း စေလွှတ်ခြင်းထက် ကြိုးစားအားထုတ်မှုရှိပြီး ဒေသနှင့်ကိုက်ညီသင်‌့လျော်သည့် ပညာရေးဝန်ထမ်းများ စေလွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။