(ဇ)-ပြည်သူပိုင်အဖြစ် ၁၉၆၉ ခုနှစ်တွင် သိမ်းဆည်းခံရသော လွိုင်လင်မြို့၊ ရပ်ကွက်(၄) ပင်လုံလမ်း၊ ကွင်းအမှတ်(၅၄)၊ ဦးပိုင်အမှတ်(၈၉)၊ ဧရိယာ(ဝ.၂၆၁)ဧကအား မူလပိုင်ရှင်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် မြန်မာ့ရေနံရောင်းဝယ်ရေးလုပ်ငန်း ဆီအရောင်းဆိုင် အမှတ် (၀၇၇၀) ဧရိယာ ဝ.၂၆၀ ဧကအား မူလပိုင်ရှင်၏သမီးကြီး အထက်တန်းပြ ကျောင်းဆရာမကြီး (အငြိမ်းစား) ဒေါ်ခင်မြင့်မှ ပြန်လည်ရရှိပိုင်ဆိုင်လိုကြောင်းနှင့် လွှတ်တော်သို့တင်ပြပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ အရေးယူဆောင်ရွက် ပေးနိုင်ပါရန် တင်ပြလာပါသည်။ မြန်မာ့ရေနံရောင်းဝယ်ရေးလုပ်ငန်း ဆီအရောင်းဆိုင် အမှတ် (၀၇၇၀) သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကွင်းအမှတ် (၅၄) ဦးပိုင်အမှတ် (၈၉) ပင်လုံလမ်းတွင် တည်ရှိပါကြောင်း၊ မူလပိုင်ရှင်များမှာ ဦးကာကာ၏သား ဦးထွန်းပေတို့ဖြစ်ပြီး BOC ၏ ကိုယ်စားလှယ်များအဖြစ် စက်သုံးဆီရောင်းချခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၆၉ ခုနှစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ ရပ်ကွက် (၄) ကွင်းအမှတ် (၅၄) ဦးပိုင်အမှတ် (၈၉) မြေဧရိယာ ဝ.၂၆၁ ဧကအား သက်ဆိုင်ရာဌာနမှ ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်း ခံခဲ့ရပါကြောင်း၊ ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်း ခံခဲ့ရသည့် အခြားမြို့များမှ BOC လုပ်ငန်းဆောင်ရွက်ခဲ့သည့် အဆောက်အဦများ၊ မြေနေရာများကို မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ခဲ့သည်ကိုလည်း သိရှိခဲ့ရပြီး သက်ဆိုင်ရာဌာနသို့ ဆက်သွယ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဇန်နဝါရီလ ၁၀-၁-၂၀၁၂ ရက်နေ့စွဲဖြင့် စာအမှတ်၊ ၂၀၆/၄၅/အ ၁၀၅ ဖြင့် မြန်မာ့ရေနံထွက် ရောင်းဝယ်ရေးလုပ်ငန်း ရုံးချုပ်မှ ပြည်ထောင်စုမြန်မာနိုင်ငံ စီပွားရေးဦးပိုင်လီမိတက်မှ အသုံးမပြုသည့်အချိန်တွင် ပြန်လည်လျှောက်ထားပါရန် အကြောင်းကြားစာ လက်ခံရရှိခဲ့ပါကြောင်း၊ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်မှ စက်သုံးဆီရောင်းချခြင်းကို ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်ပါကြောင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တို့မှ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီသို့ တင်ပြဆောင်ရွက်သော်လည်း ကျေနပ်မှုမရှိပါသဖြင့် ပြည်သူ့လွှတ်တော်သို့ တင်ပြပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ မျှမျှတတဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြလာပါသဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ရပ်ကွက် (၄)၊ ပင်လုံလမ်း၊ ကွင်းအမှတ် (၅၄) ဦးပိုင်အမှတ် (၈၉) ဧရိယာ ဝ.၂၆၁ ဧကအား ပြည်သူပိုင်အဖြစ် ၁၉၆၉ ခုနှစ်တွင် သိမ်းဆည်းခံရပြီး မူလပိုင်ရှင်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စွန့်လွှတ်ပေးမည်နည်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။