(ည)-ရသေ့တောင်မြို့နယ်၊ စေတီပြင်တိုက်နယ်ဆေးရုံတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန် နေရာအတွက် အမြန်ဆုံးအစားထိုးခန့်အပ်ပေးရန်နှင်‌့ ယင်းဆေးရုံအတွက် ရင်ခွဲရုံတစ်ရုံ ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

တိုက်နယ်ဆေးရုံများရှိသော စေတီပြင်ကျေးရွာသည် ရသေ့တောင်မြို့နှင်‌့ ၁၀ မိုင်၊ စစ်တွေမြို့နှင့် မိုင် ၆၀ အကွာတွင် တည်ရှိပါကြောင်း၊ စစ်တွေနှင့်ရသေ့တောင်မြို့ကို သွားမည်ဆိုပါက ရေလမ်းခရီး တစ်ခုတည်းကိုသာ အသုံးပြုသွားလာကြရပါကြောင်း၊ ၎င်းတိုက်နယ်ဆေးရုံကို ကျေးရွာပေါင်း ၄၈ ရွာမှ လူဦးရေပေါင်း ၃၅၀၀၀ ကျော်က အားကိုးအားထားပြုနေကြရပါကြောင်း၊ အဆိုပါဆေးရုံတွင် တာဝန်ကျနေသော တာဝန်ခံဆရာဝန်သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က ပြောင်းရွှေ့ သွားပါကြောင်း၊ ယနေ့အချိန်အထိ လူစားမရောက်ရှိသေးပါကြောင်း၊ လတ်တလောတွင် ရသေ့တောင် မြို့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော လက်‌ထောက်ဆရာဝန်တစ်ဦးကို ပူးတွဲလာရောက် တာဝန်ထမ်းဆောင်စေခဲ့သည်ဟု သိရှိရပါကြောင်း၊ ၎င်းဆရာဝန်ကလည်း ရသေ့တောင်မြို့ကို သွားလိုက်လာလိုက်နှင့် အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်ရန် မပေးပါကြောင်း၊ ရသေ့တောင်မြို့ ပေါ်တွင် မြို့နယ်ဆရာဝန် တစ်ဦး၊ လက်ထောက်ဆရာဝန် နှစ်ဦး ရှိပါကြောင်း၊ မြို့နယ်ဆရာဝန်က သင်တန်းတက်ရန် သွားရ၊ အစည်းအဝေးသွားရနှင်‌့ မြို့ပေါ်တွင်နေရသည်မှာ မရှိသလောက် ဖြစ်ပါကြောင်း၊ လက်ထောက်ဆရာဝန် နှစ်ဦးရှိသည့်အနက် တစ်ဦးကိုအခြားမြို့နယ်သို့ ပူးတွဲတာဝန် ထမ်းဆောင်စေခြင်းအားဖြင့် တစ်မြို့နယ်လုံး၏ ကျန်းမာရေးပြုစုစောင့်ရှောက်မှုကို မည်သို့မျှလွှမ်းခြုံ နိုင်မည် မဟုတ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကဲ့သို့ အရေးကြီးသည့်ဌာနတစ်ခုအနေဖြင့် ဆေးရုံ၊ဆေးခန်းများနှင့် အလှမ်းဝေးကွာသည့်နေရာများတွင် ပြောင်းရွှေ့အမိန့်များထုတ်မည်ဆိုပါက ပြောင်းရွှေ့ဝင်ရောက်လာမည့်ပုဂ္ဂိုလ်နှင့် ပြောင်းရွှေ့ထွက်ခွာသွားမည့်ပုဂ္ဂိုလ်များကို တစ်ပြိုင်တည်း အမိန့်ထုတ်ပေးရန် လိုအပ်ပါကြောင်း၊ လူစားမရောက်ရှိဘဲ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းကို ပြောင်းရွှေ့စေလိုက်ခြင်းအားဖြင့် ဒေသခံပြည်သူများသည် ကျန်းမာရေးအတွက် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေကြရပါကြောင်း၊ မကြာသေးမီက စေတီပြင်ကျေးရွာအနီးရှိ ရွာတစ်ရွာတွင် ဆင်ရိုင်းနင်းပြီး လယ်သမားတစ်ဦးသေဆုံးသွားခဲ့ပါကြောင်း၊ သေဆုံးသူ နှင်‌့ပတ်သက်ပြီး သေမှုသေခင်းအတွက် Post Motel လုပ်ရန် ဆရာဝန်မရှိသည့်အတွက် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ကြရပါကြောင်း၊ မြို့ကြီးပြကြီးများတွင် ဆေးရုံ၊ ဆေးခန်းများ များပြားနေသော်လည်း မိမိတို့၏မဲဆန္ဒနယ်မြေကျေးရွာများတွင် အပြင်ဆေးခန်းမရှိသည့်အတွက် အစိုးရဆေးခန်းများကိုသာ အဓိကအားကိုးနေကြရပါကြောင်း၊ ထို့ကြောင့် ဆေးရုံ၊ ဆေးခန်းနှင်‌့အလှမ်းကွာဝေးသော မိမိတို့၏ ကျေးရွာနေ ပြည်သူများ၏ ကျန်းမာရေးကို အချိန်ပြည့်စောင့်ရှောက်ပေးမည့် တိုက်နယ်ဆရာဝန် တစ်ဦး ရှိကိုရှိနေသင်‌့ပါကြောင်း၊

၎င်းတိုက်နယ်ဆေးရုံကို ၁၉၇၇ ခုနှစ်မှစတင်ပြီး ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် ၎င်းဆေးရုံ အတွက် ရင်ခွဲရုံတစ်ရုံကလည်း လိုအပ်လျက်ရှိပါကြောင်း၊ ကျေးရွာလူထုနှင့် ဆေးရုံကြီးကြပ်မှု ကော်မတီတို့က ညှိနှိုင်းပြီး ရင်ခွဲရုံတည်ဆောက်မည့်မြေနေရာကိုလည်း လျာထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရသေ့တောင်မြို့နယ်၊ စေတီပြင်တိုက်နယ်ဆေးရုံတွင် လစ်လပ်လျက်ရှိသော လက်ထောက် ဆရာဝန်နေရာအတွက် အမြန်ဆုံးအစားထိုးခန့်အပ်ပေးရန်နှင်‌့ ယင်းဆေးရုံအတွက် ရင်ခွဲရုံတစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။